ပဋိပက္ခအဆုံးသတ်ရေးအတွက် ဇီလန်စကီးက ပူတင်နှင့်သာ ဆွေးနွေးလိုသည်ဟုဆို

News Image

  • ပဋိပက္ခအဆုံးသတ်ရေးအတွက် ဇီလန်စကီးက ပူတင်နှင့်သာ ဆွေးနွေးလိုသည်ဟုဆို

ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီးက ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်သာ ဆွေးနွေးရန်အဆင်သင့်ရှိကြောင်း၊ မော်စကို၏ ကိုယ်စားလှယ်များပါဝင်မည့် အခြားမည်သည့်ပုံစံကိုမဆိုပယ်ချကြောင်း ပြောကြားခဲ့ပါသည်။

ဇီလန်စကီးက ၂၀၂၂ ခုနှစ်တွင် ရုရှားခေါင်းဆောင်နှင့် မည်သည့် တုံ့ပြန်ဆက်သွယ်မှုကိုမဆို တားမြစ်သည့်အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ သို့သော် ယခုလအစောပိုင်း၌ ယူကရိန်းခေါင်းဆောင်က ဗြိတိန် သတင်းထောက် Piers Morgan ကို ပြောကြားရာတွင် “ယူကရိန်း နိုင်ငံသားများကို ငြိမ်းချမ်းရေးယူဆောင်လာနိုင်မည့် တစ်ခုတည်းသော ပုံစံဖြစ်မည်ဆိုပါက ၎င်းက ပူတင်နှင့်တွေ့ဆုံမည်” ဟု ဖြေကြားခဲ့ပါသည်။

မြူးနစ်လုံခြုံရေးညီလာခံ၌ ပြောကြားရာတွင် ဇီလန်စကီးက “မိမိအနေ ဖြင့် ရုရှားများနှင့်တွေ့ဆုံမည်မဟုတ်ကြောင်း၊ ရုရှား သမ္မတ ပူတင် တစ်ယောက်တည်းဖြင့်သာ တွေ့ဆုံမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ ထို့နောက် ယူကရိန်း၊ အမေရိကန်နှင့် EU တို့အနေဖြင့် အခြေခံ အစီအစဉ်တစ်ခုကို ရေးဆွဲပြီးမှသာ “မိမိနှင့်ပူတင် ထိုင်ပြီး စစ်ပွဲကို ရပ်တန့်မည်" ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။

ဇီလန်စကီးက “အခြားမည်သည့်သဘောတူညီမှုကိုမဆို” လက်မခံကြောင်း ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင်ဆောင်ရွက်ပေးသူအဖြစ်သာမက ကိယက်ဗ်ကို ထောက်ခံပြီး အမှန်တကယ် ကူညီပေးမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား-RT