မြေရှားသတ္ထုများကို မပေးနိုင်ဟု ဇီလန်စကီးပြော

News Image

  • မြေရှားသတ္ထုများကို မပေးနိုင်ဟု ဇီလန်စကီးပြော

အမေရိကန်က ယူကရိန်းကို အကူအညီဆက်ပေးရမည်ဆိုပါ ယူကရိန်း နိုင်ငံရှိ မြေရှားသတ္တုများကို တူးဖော်ခွင့်ပေးရမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ တောင်းဆိုချက်ကို မလိုက်လျောနိုင်သည့် အပြင် လက်မှတ်လည်း မထိုးပေးနိုင်ဟု ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောကြားခဲ့ကြောင်း ဝါရှင်တန်ပို့စ်နှင့် ရိုက်တာသတင်းဌာနများတွင် ဖော်ပြခဲ့ပါသည်။ 

ယူကရိန်း၌ တိုက်တေနီယံနှင့်လစ်သီယံ မြေရှားသတ္တုသိုက်များလည်း ရှိနေသည်။ အဆိုပါ သတ္တုများသည် ကာကွယ်ရေး၊ အဆင့်မြင့် နည်းပညာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အစိမ်းရောင် စွမ်းအင်စက်မှုလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်ပြီး ယူကရိန်းထံမှ အမေရိကန်က တူးဖော်ထုတ်ယူကာ စွမ်းအင်ထုတ်လုပ်မှု လုပ်ငန်းများ၌ အသုံးပြုမည်ဖြစ်ပါသည်။ စစ်ပွဲကြောင့်ယိုယွင်းပျက်စီးခဲ့ရပြီဖြစ်သော ယူကရိန်းနိုင်ငံ၏ ကာကွယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးတွင် အမေရိကန်၏ အကူအညီများစွာလိုအပ်လျက်ရှိကာ အဆိုပါအကူအညီအတွက် အာမခံ တစ်စုံတစ်ရာရရန် ဒေါ်နယ်ထရမ့်က ယူကရိန်းမြေရှားသတ္ထုများကို ပြန်ပေးရမည်ဟု ယခုလအစောပိုင်းက ပြောဆိုထားပါသည်။ 

ယူကရိန်းအစိုးရက အခြားမြေရှားသတ္တုများဖြစ်သည့် ဘီရီလီယမ်၊ မန်းဂနိစ်၊ ဂယ်လီယမ်၊ ယူရေနီယမ်၊ ဇာကွန်နီယမ်၊ ဂရပ်ဖိုက်၊ အာပတ်တိ၊ ဖလိုရိုက်နှင့် နီကယ်သတ္တုများ တူးဖော်ခွင့်ကိစ္စကိုလည်း ပြန်လည် စဉ်းစားနေပါသည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မြူးနစ်လုံခြုံရေး ညီလာခံတွင် ယူကရိန်း၏အနာဂတ် တွင်းထွက် သတ္တုသိုက်များ၏  ၅၀ % ကို အမေရိကန်အတွက် လုပ်ပိုင်ခွင့်များပေးဆောင်ရန် လက်မှတ်ရေးထိုးစေလိုသောစာချုပ်ကို အမေရိကန် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့က ဇီလန်စကီးကိုတင်ပြခဲ့ပြီး အဆိုပါစာချုပ်ကို ဇီလန်စကီးက ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်ဟု သိရပါသည်။ 

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက စာချုပ်မူကြမ်းကို ဇီလန်စကီးအား ပြခဲ့စဉ်က ဇီလန်စကီးအနေဖြင့် သဘောတူနိုင်ကြောင်းဆိုခဲ့သော်လည်း လက်တွေ့တွင် သဘောမတူနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။ယူကရိန်း၏ မြေရှားသတ္တုသိုက်အများစုသည် နိုင်ငံအရှေ့ပိုင်းရှိ ခွဲထွက်နယ်မြေ ဒွန်ဘက်စ်ဒေသ၌ရှိပြီး အဆိုပါဒေသများကို ရုရှားက သိမ်းယူထားကာ ကန်ဒေါ်လာ သန်းပေါင်း ၇ သန်းကျော်တန်ကြောင်း သိရှိရပါသည်။

ကိုးကား-Myanmar National Post