ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးများ သုံးနိုင်ငံ ဆက်ဆံရေး အားကောင်းလာစေရေး သဘောတူ
ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးများသည် လုံခြုံရေးဆိုင်ရာပြဿနာများကို အတူတကွ ကိုင်တွယ်ဖြေရှင်းရန်အတွက် သုံးနိုင်ငံဆက်ဆံရေး ပိုအားကောင်းလာစေရေး ဆောင်ရွက်ရန် သဘောတူခဲ့ကြပါသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Iwaya Takeshi ၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Marco Rubio နှင့် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Cho Tae-yul တို့ ဂျာမနီ၌ တွေ့ဆုံခဲ့ပြီး အမေရိကန်သမ္မတ Donald Trump ဒုတိယသက်တမ်း စတင်တာဝန်ယူပြီးနောက်ပိုင်း ၎င်းတို့၏ ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါသည်။
ပိုမိုအားကောင်းသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်းနှင့် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ဖော်ဆောင်ရာတွင် အထောက်အကူပြုလိမ့်မည်ဟု သုံးနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများက သဘောတူခဲ့ကြပါသည်။
အင်ဒို-ပစိဖိတ်ဒေသအတွင်း လက်ရှိအနေအထားကို ပြောင်းလဲရန် အင်အားသုံးပြီး သို့မဟုတ် အတင်းအဓမ္မ တစ်ဖက်သတ် ကြိုးပမ်း လုပ်ဆောင်ခြင်းများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြပါသည်။ ထိုင်ဝမ်ရေလက်ကြား၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အရေးကြီးကြောင်းလည်း ၎င်းတို့က ထပ်မံ အတည်ပြုခဲ့ကြပါသည်။
မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များ၊ မြောက်ကိုရီးယားနှင့် ရုရှားတို့အကြား စစ်ရေးအရပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လာနေခြင်းအပေါ် အလွန်အမင်း စိုးရိမ်ကြောင်းနှင့် မြောက် ကိုရီးယား နျူကလီးယားလက်နက်ကင်းစင်ရေး ၎င်းတို့အနေဖြင့် လက်တွဲလုပ်ဆောင်ရန်လည်း သဘောတူခဲ့ကြပါသည်။
ကိုးကား-NHK World