ရုရှားနှင့်အမေရိကန်တို့က ငြိမ်းချမ်းရေးကိုသာ အာရုံစိုက် လုပ်ဆောင်မည်ဖြစ်ပြီး ရုရှားသို့ ထရမ့် အချိန်မရွေး လာရောက်လည်ပတ်နိုင်ဟု ပက်စကော့ပြော
ရုရှားနှင့်အမေရိကန်တို့အနေဖြင့် ယခုအချိန်မှစ၍ ငြိမ်းချမ်းရေးကိုသာ အာရုံစိုက်လုပ်ဆောင်မည်ဖြစ်ကြောင်း ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြောသည်။
ရုရှားနှင့် အမေရိကန်သမ္မတတို့ကြား မကြာမီကလုပ်ဆောင်ခဲ့သည့် ဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများကြောင့် နှစ်နိုင်ငံစလုံးအနေဖြင့် ပြဿနာများကို တွေ့ဆုံဆွေးနွေးခြင်းအားဖြင့်သာ ဖြေရှင်းရန်ကြိုးပမ်းမည်ဖြစ်ပြီး ယခုအချိန်မှစ၍ စစ်ပွဲအကြောင်းကို ပြောဆိုဆွေးနွေးမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရုရှားနိုင်ငံသည် ယခင်အမေရိကန်အစိုးရအဖွဲ့နှင့် ထိတွေ့ဆက်ဆံနိုင်ခဲ့ခြင်း မရှိကြောင်း၊ သို့သော် လက်ရှိ သမ္မတဒေါ်နယ်ထရမ့်၏ ရှုမြင်မှုများသည် အကျိုးသင့်၊ အကြောင်းသင့် တွေးခေါ်နိုင်သူများ၏ စိတ်ကိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ပက်စကော့က ရုပ်သံတစ်ခုနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဖုန်းမှတစ်ဆင့် ပြောဆိုခဲ့ကြပြီး ယူကရိန်းအရေး အဆုံးသတ်နိုင်ရန်အတွက် လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။
ထို့ပြင် အမေရိကန်သမ္မတထရမ့် အနေဖြင့်လည်း နှစ်နိုင်ငံစလုံးက အပြန်အလှန် သဘောတူညီထားသည့်အတိုင်း ရုရှားနိုင်ငံသို့ အချိန်မရွေး လာရောက် လည်ပတ်နိုင်သည်ဟု ပက်စကော့က ဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။
Source: Myawady Web Portal