ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ၂၀၄၀ ဘဏ္ဍာရေးနှစ်မကုန်မီ အဓိက စွမ်းအင်ရင်းမြစ်အဖြစ် ဂျပန်ပစ်မှတ်ထား

News Image

  • ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ၂၀၄၀ ဘဏ္ဍာရေးနှစ်မကုန်မီ အဓိက စွမ်းအင်ရင်းမြစ်အဖြစ် ဂျပန်ပစ်မှတ်ထား

ဂျပန်အစိုးရသည် နိုင်ငံအတွက် အခြေခံစွမ်းအင်အစီအစဉ်သစ်ကို အတည်ပြုလိုက်ပြီး လေ၊ နေရောင်ခြည်နှင့် အခြားပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို ၂၀၄၀ ဘဏ္ဍာရေးနှစ်မကုန်မီ နိုင်ငံ၏အဓိက လျှပ်စစ် အရင်းအမြစ်အဖြစ်အသုံးပြုနိုင်ရေး ဆောင်ရွက်မည်ဟု ဆိုထားပါသည်။

အဆိုပါဘဏ္ဍာရေးနှစ်ကာလမကုန်မီတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များသည် စွမ်းအင်အမျိုးအစားအားလုံး၏ ၄၀% မှ ၅၀%အထိ ရှိမည်ဟု ခန့်မှန်းရပါသည်။

လွန်ခဲ့သော ၄ နှစ်ကချမှတ်ခဲ့သည့် ယခင်ရည်မှန်းချက်သည် ၂၀၃၀ ဘဏ္ဍာရေး နှစ်မကုန်မီ၌ ၃၆ % မှ ၃၈%အထိ ရှိစေရေး ဖြစ်ပါသည်။

ယခုနောက်ဆုံး အဆိုပြုချက်တွင် အပူစွမ်းအင်သည် စွမ်းအင်အမျိုးအစားအားလုံး၏ ၃၀% မှ ၄၀% ရာခိုင်နှုန်းအထိရှိပြီး နျူကလီးယား စွမ်းအင်သည် ၂၀% ခန့်ရှိမည်ဟု ဆိုထားပါသည်။

၂၀၁၁ ခုနှစ်တွင် ဖူကူရှီးမား အမှတ်တစ်နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ မတော်တဆမှုဖြစ်ပွားခဲ့ပြီးနောက် အဏုမြူစွမ်းအင် အပေါ် မှီခိုအားထားမှုကိုလျှော့ချရန် ဂျပန် အစိုးရက ကြိုးပမ်းခဲ့ပါသည်။

သို့သော် ယခုအစီအစဉ်သစ်သည် နျူကလီးယားစွမ်းအင်အပေါ် မှီခိုအားထားမှုကို လျှော့ချရေး ရည်ညွှန်းခြင်းမဟုတ်ဘဲ ၎င်းအစား ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များနှင့်အတူ အဏုမြူစွမ်းအင်ကို အသုံးပြုမည်ဟု ဆိုပါသည်။ ဤအစီအစဉ်တွင် မျိုးဆက်သစ် ဓာတ်ပေါင်းဖိုများ တီထွင်ထုတ်လုပ်ရေးလည်း ပါဝင်ပါသည်။

ကိုးကား-NHK World