အီရန်နျူကလီယားကိစ္စ စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းဖြင့် ဖြေရှင်းနိုင်ကြောင်းနှင့် ပြဿနာများကို ဖြေရှင်းရာတွင် ကူညီရန်အသင့်ရှိကြောင်း ကရင်မလင်ပြောကြား

News Image

  • အီရန်နျူကလီယားကိစ္စ စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းဖြင့် ဖြေရှင်းနိုင်ကြောင်းနှင့် ပြဿနာများကို ဖြေရှင်းရာတွင် ကူညီရန်အသင့်ရှိကြောင်း ကရင်မလင်ပြောကြား

အီရန်နျူကလီးယားပြဿနာကို အားလုံးညီညွတ်မှုရှိက သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ကြောင်း ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် ဒမ်မီထရီပက်စ်ကော့ဖ် က ပြောကြားလိုက်ပါသည်။ 

ဖေဖော်ဝါရီ ၁၂ ရက်က ဒေါ်နယ်ထရမ့်နှင့် ပူတင်တို့ ဖုန်းဆက်သွယ်ပြောကြားကြရာ၌ အီရန်နျူကလီးယားအစီအစဉ်ကို ဆွေးနွေးခဲ့ကြသော်လည်း ၎င်းမှာ အဓိကအကြောင်းအရာမဟုတ်ကြောင်း ရုရှား-အမေရိကန် ဆက်ဆံရေးကို အဓိကထား ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားထားပါသည်။

ရုရှားနိုင်ငံသည် အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် ကူညီရန်အသင့်ရှိကြောင်းနှင့် အမေရိကန်-ရုရှား ဆွေးနွေးပွဲများသည် မော်စကို-တီဟီရန် နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်မည်မဟုတ်ကြောင်း ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရုရှားနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များသည် ရီယာ့ဒ်မြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ယူကရိန်း ပဋိပက္ခစေ့စပ် ညှိနှိုင်းဖြေရှင်းရေးအတွက် ကြိုတင်ပြင်ဆင်ရေး ပူတင် နှင့် ထရမ့်အကြား တွေ့ဆုံရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် ကောင်းမွန်ရေး ဆွေးနွေးမည်ဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် ရုရှားနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီး ဆာဂျေးလာဗရော့ဗ်နှင့် ကရင်မလင်၏ အကြံပေးပုဂ္ဂိုလ် ယူရီ ဥရှာကော့ဗ် တို့က ကိုယ်စားပြုပါဝင်မည်ဖြစ်ပြီး အမေရိကန်ဘက်မှ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ သမ္မတ ဒေါ်နယ် ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့လ်ဇ်နှင့် အရှေ့ အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ် တို့က ကိုယ်စားပြုပါဝင်မည်ဖြစ်သည်။

ကိုးကား- ကရင်မလင် ၊ Tass

Photo: Armenia News