ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ရွှေ့ဆိုင်းခွင့်ရသူများ
Upload Image

ရွှေ့ဆိုင်းခွင့်
၁။ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ၊ ၁၅(က)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့မှတင်ပြလာသော ဆင့်ခေါ်ခြင်းခံရသူများ၏ လျှောက်လွှာများကို စိစစ်ရာတွင် အောက်ပါအချက်များနှင့် အကျုံးဝင်သောပုဂ္ဂိုလ်များအား ပြည်သူ့စစ်မှု ထမ်းဆောင်ရမည့်တာဝန်မှ ယာယီ ရွှေ့ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်-
(က) ယာယီအားဖြင့် စစ်မှုထမ်းနိုင်မည့်ကျန်းမာရေးအဆင့်မမီကြောင်း သက်ဆိုင်ရာတပ်မတော် ဆေးစစ်ရေး ဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ။
(ခ) နိုင်ငံ့ဝန်ထမ်းများ။
(ဂ) ပညာသင်ကြားနေသူများ။
(ဃ) အခြားပြုစုစောင့်ရှောက်မည့်သူမရှိသော မိအိုဖအိုများကိုပြုစုလုပ်ကျွေးနေသူများ။
(င) မူးယစ်ဆေးဝါးဖြတ်ရန်ဆေးကုသမှုခံယူနေသူများ။
(စ) ထောင်ဒဏ်ကျခံနေသူများ။
၂။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ရွှေ့ဆိုင်းခွင့်ပြုသူများ
(က) ဆင့်ခေါ်ရေးအမိန့်စာလက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့်နေ့ရက်အတိုင်း သတင်းပို့ခြင်း မပြုရသေးမီကာလအတွင်း မိဘတစ်ဦးဦးသော်လည်းကောင်း၊ အိမ်ထောင်သည်အမျိုးသား ဖြစ်ပါက ဇနီးသော်လည်းကောင်း ရုတ်တရက်သေဆုံးသွားခြင်း။
(ခ) ဆင့်ခေါ်ရေးအမိန့်စာလက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့်နေ့ရက်အတိုင်း သတင်းပို့ခြင်း မပြုရ သေးမီကာလအတွင်း မတော်တဆဖြစ်ရပ်တစ်ခုခုကြောင့်ဖြစ်စေ၊ အခြားသူ၏ပယောဂ တစ်ခုခုကြောင့် ဖြစ်စေ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတစ်ခုခု အပြင်းအထန်ဒဏ်ရာရရှိသူ ဖြစ်ခြင်း။
(ဂ) ဥပဒေနှင့်အညီ ချုပ်နှောင်ခံနေရသူ၊ သို့မဟုတ် တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူ ဖြစ်ခြင်း။
(ဃ) နိုင်ငံတော်၏လိုအပ်ချက်အရ ပညာရပ်များကို လေ့လာသင်ယူနေသူဖြစ်ခြင်း။
(င) ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှယာယီရွှေ့ဆိုင်းပေးရန်မဖြစ်မနေလိုအပ်နေသူဖြစ်ခြင်း။