(ရုံးချုပ်) မှ ထုတ်ပြန်ထားသောအမိန့်ကြောင့် (၂) ကြိမ်နှင့်အထက်ဖြေဆိုပြီးသား နိုင်ငံ့ဝန်ထမ်းအမှုထမ်းများအနေဖြင့် ဆက်လက်ဖြေဆိုခွင့်ရရှိအောင် မည်သို့မည်ပုံ ဆောင်ရွက်ရမည်နည်း။ အကယ်၍ ထိုလုပ်ငန်း ရုံးချုပ်အနေဖြင့် အထက်ပါ အမိန့်ထုတ်ပြန်ချက်သည် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ(ခ)ကို ဆန့်ကျင်ရာရောက်ပါသလား။ နိုင်ငံ့ဝန်ထမ်းအမှုထမ်းများ၏ စာမေးပွဲ ဖြေဆိုခွင့် အခွင့်အရေးအပြည့်အဝရရှိအောင်မည်သို့ ဆောင်ရွက်သင့်သည်ကို ဖြေကြားပေးစေချင်ပါသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူးများအတွက် (၁)နှစ်(၂)ကြိမ်ဖြင့် ကြော်ငြာခေါ်ယူ ရွေးချယ်ပေးလျက်ရှိပါသည်။ ထိုသို့ကြော်ငြာခေါ်ယူရွေးချယ်ပေးရာတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ပုဒ်မ(၁၄)၊ပုဒ်မခွဲ(ခ)အရ “ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသည့် နိုင်ငံ့ဝန်ထမ်း အမှုထမ်းများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခွင့်ပြုရမည်” ဟု သတ်မှတ်ပြဋ္ဌာန်းထားသည်နှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အသီးသီးမှလည်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
သို့ရာတွင် “ဝန်ထမ်းပြုန်းတီးမှုလျော့နည်းပပျောက်ရေးစီမံ ဆောင်ရွက်လျက်ရှိမှုကြောင့် အမှုထမ်းများအား ဦးစီးအရာရှိရာထူးနေရာများသို့ ဖြေဆိုခွင့်ပြုရာတွင် ယခင်(၂)ကြိမ်နှင့်အထက် ဖြေဆိုခွင့်ပြုခဲ့ပြီး ဖြစ်သော ဝန်ထမ်းများကို ထပ်မံဖြေဆိုခွင့်မပြုတော့ပါကြောင်းနှင့် ဖြေဆို လိုသည့် ကျန်ဝန်ထမ်းများကိုလည်း ၂၀၂၅ ခုနှစ်၊ မတ်လမှစ၍ အများဆုံး (၂)ကြိမ်သာ ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း” အမိန့်ထုတ်ထားခြင်းမှာ အထက်စာပိုဒ်ပါ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေနှင့်ကိုက်ညီမှု မရှိပါကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် ပြင်ပပုဂ္ဂိုလ်များနည်းတူ ပြည်ထောင်စုရာထူးဝန် အဖွဲ့မှခေါ်ယူသော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး နေရာများသို့ ကြော်ငြာပါသတ်မှတ်အရည်အချင်းများနှင့် ညီညွတ်ပါက အကြိမ်အရေအတွက် အကန့်အသတ်မရှိ လွတ်လပ်စွာ ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခွင့်ရှိမည်ဖြစ်ပါသည်။
ဖြေကြားပေးသည့်ဌာန- ပြည်ထောင်စုရာထူးဝန်အဖွဲ့