လက်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ ရည်မှန်းချက် အပိုဒ် ၃ အချက်ပါ “ နိုင်ငံ့ဝန်ထမ်း” ဆိုသော အဓိပ္ပာယ်အနက်ဖွင့်ဆိုချက်နှင့် “ပြည်သူ့ဝန်ထမ်း” အနက်အဓိပ္ပာယ် ဖွင့်ဆိုချက် တူညီမှု ရှိ/မရှိ။ အနက်အဓိပ္ပာယ်တူညီမှုရှိခဲ့ပါက နိုင်ငံ့ ဝန်ထမ်းဥပဒေကို ပြည်သူ့ဝန်ထမ်းဥပဒေဟု ယူဆနိုင်မှု ရှိ/မရှိ။ အကယ်၍ အဆိုပါဝန်ထမ်းအဓိပ္ပာယ်ဖွင့်ဆိုချက် မတူညီမှုရှိခဲ့သော် အဆိုပါကွဲပြားခြားနားချက် အနက်အဓိပ္ပာယ်အား ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ရည်မှန်းချက်အပိုဒ် (၃) ပါ “နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ “ပြည်သူ့ဝန်ထမ်းများအား --------- ပြည်သူ့ ဝန်ထမ်းကောင်းများဖြစ်စေရေး” ဟူသည့်ကိစ္စရပ်ဖြင့် ဆက်စပ်ရှင်းပြ ပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါသည်။

၁။ နိုင်ငံ့ဝန်ထမ်းနှင့်ပြည်သူ့ဝန်ထမ်းတို့၏အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် နှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ရှင်းလင်းဖြေကြားအပ်ပါသည်-

(က)  “နိုင်ငံ့ဝန်ထမ်း” စကားရပ်အနက်အဓိပ္ပာယ်နှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (င) တွင် “ဝန်ထမ်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုသည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်း သဘာဝနှင့်တာဝန်တို့အရ ဤဥပဒေပါကိစ္စရပ် များနှင့် အကျုံးဝင်ခြင်းမရှိစေရ” ဟုလည်းကောင်း၊ ဝန်ထမ်း ဖွဲ့စည်းပုံနှင့်စပ်လျဉ်း၍ ပုဒ်မခွဲ (ခ) တွင် “ဝန်ထမ်းဖွဲ့စည်းပုံ ဆိုသည်မှာဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဤဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြု ထားသော ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံကိုလည်းကောင်း၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ကြိုတင်ညှိနှိုင်း၍ ဖွဲ့စည်းသော ဝန်ထမ်း အဖွဲ့အစည်း၏ ဖွဲ့စည်းပုံကိုလည်းကောင်း ဆိုသည်” ဟု လည်းကောင်း၊ ဝန်ထမ်းအဖွဲ့အစည်းနှင့်စပ်လျဉ်း၍ ပုဒ်မခွဲ (ဂ) တွင် “ဝန်ထမ်းအဖွဲ့အစည်းဆိုသည်မှာ ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းကိုဆိုသည်” ဟု လည်းကောင်း ပြဋ္ဌာန်းထားပါသည်။ အလားတူ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (စ) တွင် “ဝန်ထမ်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတွင် ခန့်အပ်ခြင်းခံရသူ နိုင်ငံ့ဝန်ထမ်းကိုဆိုသည်” ဟု ပြဋ္ဌာန်းထားပါသည်။

(ခ) အဆိုပါပြဋ္ဌာန်းချက်များအရ နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားသော ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံနှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကြိုတင်ညှိနှိုင်း၍ ဖွဲ့စည်းသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်း ခံရသူကိုဆိုပါသည်။

(ဂ)  “ပြည်သူဝန်ထမ်း” စကားရပ်အဓိပ္ပာယ်နှင့်စပ်လျဉ်း၍ နိုင်ငံ့ ဝန်ထမ်းဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ည) တွင် ပြဋ္ဌာန်းထားပါသည်။ (နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ည) ပါ ကောက်နုတ်ချက်မိတ္တူကို ပူးတွဲ (၁) ဖြင့် တင်ပြထားပါသည်)

(ဃ) နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ခ)၊ (ဂ)၊ (င)၊ (ည)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (စ) တို့ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံ့ဝန်ထမ်းများသည် ပြည်သူ့ ဝန်ထမ်းများဖြစ်သော်လည်း ပြည်သူ့ဝန်ထမ်းတိုင်းသည် နိုင်ငံ့ဝန်ထမ်းများ မဟုတ်ကြောင်းတွေ့ရှိရပါသည်။ သို့အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြည်သူ့ဝန်ထမ်းဥပဒေဟု ယူဆ၍ မရပါ။

၂။ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ရည်မှန်းချက် အပိုဒ် ၃ ပါ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ “ပြည်သူ့ဝန်ထမ်းများအား ပြည်သူ့ဝန်ကိုထမ်းမည့်သူ၊ ပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမည့်သူဟူသည့် စိတ်ဓာတ်မျိုးထားရှိနိုင်ရေးနှင့် ပိုမိုကောင်း မွန်သော Service Delivery ပေးနိုင်သော ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်စေရေး” ဟူသည့် စကားရပ်နှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ရှင်းလင်းဖြေကြားအပ်ပါသည် -

(က) မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာ ဗျူဟာစီမံချက် (၂၀၁၇-၂၀၂၀) အရ ရေးဆွဲထားသည့် ဦးတည်ဆောင်ရွက်မည့် နယ်ပယ် ၄ ခု အနက် နယ်ပယ် ၃ တွင် ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန် ခေါင်းဆောင်မှု ပေးနိုင်သည့်အရည်အသွေးများနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်နိုင်ရေးသင်ယူမှုနှင့် သင်တန်းနည်းစနစ်များတိုးတက်စေရန်အတွက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (၂) ခုတွင် ပြည်သူ့ဝန်ထမ်းအကယ်ဒမီအား ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့၌ ဖွင့်လှစ်ခဲ့ပါသည်။

(ခ) ပြည်သူ့ဝန်ထမ်းအကယ်ဒမီတွင် မတူကွဲပြားမှုနှင့် အားလုံး ပါဝင်ဆောင်ရွက်နိုင်မှုရှိစေရန်ရည်ရွယ်၍ အရာထမ်းလောင်းများအတွက်ဖွင့်လှစ်သည့် အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း၌ ပြင်ပပုဂ္ဂလိကလုပ်ငန်းများမှ လူ့စွမ်းအားအရင်းအမြစ်နှင့် စီမံခန့်ခွဲမှုနယ်ပယ်များတွင် စီမံခန့်ခွဲအုပ်ချုပ်သူအနေဖြင့် ဆောင်ရွက်နေသည့်ပုဂ္ဂိုလ်များကိုလည်း ပါဝင်တက်ရောက်နိုင်စေရန် “ပြည်သူ့ဝန်ကိုထမ်းမည့်သူ ပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာတွင် အရည်အချင်း ပြည့်ဝစွာဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဝန်ဆောင်မှု ပေးနိုင်သော ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်စေရေး” ဟူ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ရည်မှန်းချက် အပိုဒ် ၃ တွင် ထည့်သွင်းခဲ့ခြင်းဖြစ်ပါသည်။

(ဂ) ၂၀၂၀ ခုနှစ် နောက်ပိုင်းမှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ မူဝါဒ၊ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission) တို့ကို ပြန်လည်သုံးသပ်ချက်အရ မျှော်မှန်းချက် (Vision) ကို “နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကိုရှေးရှု၍ ကဏ္ဍအလိုက်၊ အဆင့်အလိုက် တာဝန်ယူရသောလုပ်ငန်း များအား တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်သော ဝန်ထမ်းအဖွဲ့အစည်းဖြစ်စေရေး”ဟု ပြင်ဆင်ခဲ့ပါသည်။ ထို့အပြင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌အရာထမ်းလောင်းများအတွက် ဖွင့်လှစ်သည့်သင်တန်းများ၌ပြင်ပပုဂ္ဂိုလ်များကို တက်ရောက်စေခြင်းမပြုတော့ဘဲ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ ဝန်ထမ်းများ၏ ထမ်းဆောင်ရမည့်တာဝန်၊ စောင့်ထိန်း ရမည့်ကျင့်ဝတ်၊ လိုက်နာရမည့်စည်းကမ်းများ ကောင်းမွန် စေရေးအတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့အစည်း အဝေး (၅၀/၂၀၂၄) ၏ သဘောတူညီချက်အရ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ရည်မှန်းချက်အပိုဒ် ၃ ကို ဝန်ထမ်း ကောင်းများဖြစ်စေရေး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ထိန်းကျောင်းပေးရန်ဟု ပြင်ဆင်သတ်မှတ် ခဲ့ပါသည်။ (ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission) တို့ကို ပူးတွဲ (၂) ဖြင့် တင်ပြထားပါသည်)

၃။ သို့ဖြစ်ပါ၍ယခင်ရည်မှန်းချက် (Mission) အပိုဒ် ၃ ပါ“ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ ပြည်သူ့ ဝန်ထမ်းများအား ပြည်သူ့ဝန်ကို ထမ်းမည့်သူ၊ ပြည်သူများ၏ လိုအပ် ချက်ကို ဖြည့်ဆည်းပေးမည့်သူ ဟူသည့်စိတ်ဓာတ်မျိုးထားရှိနိုင်ရေးနှင့် ပိုမိုကောင်းမွန်သော Service Delivery ပေးနိုင်သော ပြည်သူ့ဝန်ထမ်း ကောင်းများဖြစ်စေရေး ထိရောက်စွာလေ့ကျင့်ပျိုးထောင်ပေးရန်” စကားရပ်အစား ယခု “ဝန်ထမ်းကောင်းများဖြစ်စေရေး၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းကျောင်းပေးရန်”  စကားရပ်ဖြင့် ပြင်ဆင်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် အဆိုပါပြင်ဆင်ချက်ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ https://www.ucsb.gov.mm/ တွင် ထည့်သွင်းဖော်ပြထား ပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

ပူးတွဲ (၁)

ပုဒ်မ၂(ည)။    ပြည်သူ့ဝန်ထမ်း ဆိုသည်မှာ အစိုးရကခန့်အပ်ထားသည်ဖြစ်စေ၊ မခန့်အပ်ထားသည် ဖြစ်စေ အောက်ပါပုဂ္ဂိုလ်များပါဝင်သည်-

(၁) နိုင်ငံ့ဝန်ထမ်း၊

(၂) နိုင်ငံရေးရာထူးတွင် ခန့်အပ်ခံရသူများ၊

(၃) နိုင်ငံရေးရာထူးတွင် ခန့်အပ်ခြင်းခံရသော ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်များနှင့်စပ်လျဉ်း၍ပြဋ္ဌာန်းထားသော ဥပဒေများအရ ခန့်အပ်ထားခြင်းခံရသူများ၊

(၄) အစိုးရဌာနနှင့် အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်များနှင့် တရားရုံးများတွင် တာဝန်ထမ်းဆောင်နေသော်လည်း နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ထားခြင်း မဟုတ်သောသူများ၊

(၅) ရွေးကောက်တင်မြှောက်ခြင်းဖြင့်ဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ရွေးချယ် တာဝန်ပေးခံရသူ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော လုပ်ပိုင်ခွင့်ရှိသည့် ပြည်သူ့ဝန်ထမ်းတစ်ဦးဦး သို့မဟုတ်၎င်းကဖွဲ့စည်းပေးသော အဖွဲ့အစည်းတွင်ပါဝင်သူများ၊ ၎င်းတို့၏ကိုယ်စားလွှဲအပ်ခြင်းခံရသူများ သို့မဟုတ် ထပ်ဆင့်တာဝန်ပေးအပ်ခြင်းခံရသူများ၊

(၆) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြည်သူ့ဝန်ထမ်းအဖြစ်မှတ်ယူရမည်ဟု သတ်မှတ် ခြင်းခံရသူများ၊

(၇) တစ်ဦးတစ်ယောက်သောသူကို ဖမ်းဆီးချုပ်နှောင်ရန်အခွင့်အာဏာရှိသူများ၊

(၈) လွှတ်တော် သို့မဟုတ် စည်ပင်သာယာရေးကော်မတီ သို့မဟုတ် အများပြည်သူ ဆိုင်ရာလုပ်ပိုင်ခွင့်ရှိသောအဖွဲ့အစည်း၏ အဖွဲ့ဝင်လူကြီးကိုရွေးချယ်ရန် အလို့ငှာ ရွေးကောက်ပွဲစာရင်းကို ရေးသားပြုစုရန်ဖြစ်စေ၊ ထုတ်ပြန်ကြေညာရန်ဖြစ်စေ၊ ပြင်ဆင်ရန်ဖြစ်စေ အခွင့် အာဏာအရ ရာထူးလက်ရှိဖြစ်သူများ၊

(၉) အစိုးရဌာနနှင့်အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်များနှင့် တရားရုံးများတွင် လုပ်ငန်းသဘာဝအရ သီးခြား ခန့်အပ်တာဝန်ပေးထားသူများ။

ပူးတွဲ (၂)

ကောက်နုတ်ချက်မိတ္တူမှန်

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ မူဝါဒ

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၆ အရ အပ်နှင်းထားသော တာဝန်များကို အောက်ပါမူဝါဒများအပေါ် အခြေခံဆောင်ရွက်ရမည်-

(က) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိရမည်။

( ခ) အားလုံးပါဝင်ရမည်။

( ဂ) မျှတမှုရှိရမည်။

(ဃ) ပွင့်လင်းမြင်သာမှုရှိရမည်။

( င) နိုင်ငံသားအကျိုးဦးတည်ရှေးရှုရမည်။

( စ) သစ္စာရှိရမည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ မျှော်မှန်းချက် (Vision)

“နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကိုရှေးရှု၍ ကဏ္ဍအလိုက်၊ အဆင့်အလိုက် တာဝန်ယူရသော လုပ်ငန်းများအား တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်သော ဝန်ထမ်းအဖွဲ့အစည်းဖြစ်စေရေး”

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ရည်မှန်းချက် (Mission)

  • အရည်အချင်းပြည့်ဝသော ပြန်တမ်းဝင်အရာရှိများ ‌ရွေးချယ်ပေးရန်၊

  • နိုင်ငံ့ဝန်ထမ်းများ စွမ်းရည်ထက်မြက်အောင်လေ့ကျင့်ပေးရန်၊

  • ဝန်ထမ်းကောင်းများဖြစ်စေရေး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းကျောင်း ပေးရန်၊

  • နိုင်ငံ့ဝန်ထမ်းအားလုံးအတွက် အကျုံးဝင်သော မှတ်တမ်းစနစ် တည်ဆောက်ထိန်းသိမ်းရန်။

ဖြေကြားပေးသည့်ဌာန- ပြည်ထောင်စုရာထူးဝန်အဖွဲ့

Question

လက်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ ရည်မှန်းချက် အပိုဒ် ၃ အချက်ပါ “ နိုင်ငံ့ဝန်ထမ်း” ဆိုသော အဓိပ္ပာယ်အနက်ဖွင့်ဆိုချက်နှင့် “ပြည်သူ့ဝန်ထမ်း” အနက်အဓိပ္ပာယ် ဖွင့်ဆိုချက် တူညီမှု ရှိ/မရှိ။ အနက်အဓိပ္ပာယ်တူညီမှုရှိခဲ့ပါက နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြည်သူ့ဝန်ထမ်းဥပဒေဟု ယူဆနိုင်မှု ရှိ/မရှိ။ အကယ်၍ အဆိုပါဝန်ထမ်းအဓိပ္ပာယ်ဖွင့်ဆိုချက် မတူညီမှုရှိခဲ့သော် အဆိုပါကွဲပြားခြားနားချက် အနက်အဓိပ္ပာယ်အား ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ရည်မှန်းချက်အပိုဒ် (၃) ပါ “နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ “ပြည်သူ့ဝန်ထမ်းများအား --------- ပြည်သူ့ ဝန်ထမ်းကောင်းများဖြစ်စေရေး” ဟူသည့်ကိစ္စရပ်ဖြင့် ဆက်စပ်ရှင်းပြပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါသည်။