ရဲယိုသီး၏ ကောင်းကျိုးများ

ရဲယိုသီးသည် အမြင်အားဖြင့် မလှပသကဲ့သို့ အနံ့အရသာအနေဖြင့်လည်း ဆွဲဆောင်မှုမရှိသော်လည်း ရဲယိုသီးတွင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိသည်။ ရဲယိုသီးနှင့် အရွက်သည် “အစာလည်းဆေး၊ ဆေးလည်းအစာ” ဟုပင် ဆိုရလောက်အောင် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည့် စားစရာအပင်မျိုးဖြစ်သည်။ ရဲယိုရွက်ကို ဟင်းထုတ် ထုတ်စားခြင်း၊ ငါးနှင့်ရော၍ စင်းကောချက်ခြင်းများရှိသကဲ့သို ရဲယိုသီးကို ဖျော်ရည်လုပ်သောက်ခြင်း၊ ရဲယိုသီးဝိုင်လုပ်၍ သောက်ခြင်းများလည်း တွေ့ရသည်။

ရဲယိုရွက်၊ ရဲယိုသီးတို့တွင် ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီနှင့် သွေးတိုးကျစေနိုင်သည့် ပိုတက်ဆီယမ်တို့ ပါဝင်ပါသည်။ ရဲယိုသီးစားခြင်းဖြင့် ကုသပေးနိုင်သော ရောဂါများမှာ ကင်ဆာ၊ ဆီးချို၊ သွေးချို၊ သွေးတိုး၊ လေဖြတ်၊ လေးဘက်နာ၊ ဂေါက်ရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်စွမ်းရည် မကောင်းခြင်း၊ အဝလွန်ခြင်း၊ ရင်ကျပ်ခြင်း၊ သူငယ်ပြန်ခြင်း၊ အယ်ဇိုင်းမား စသည့်ရောဂါများအပြင် ရောဂါမျိုးပေါင်း (၁၀၁)မျိုးကို ကုသနိုင်သည်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး နာတာရှည်ရောဂါများ မဝင် ရောက်စေရန် တားဆီးကာကွယ်ပေးသည်။

ရဲယိုသီးတွင် ကင်ဆာဆဲလ်များကို တုံ့ပြန်တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသလို ကင်ဆာကျိတ်များ ကြီးမလာအောင်လည်း ဟန့်တားပေးနိုင်သည်။ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးတိုးကျစေနိုင်သည့်ပြင် သွေးကြောများကို ပြေလျော့စေသည်။ သွေးတွင်းရှိ ကိုလက်စထ ရောများကို ကျဆင်းစေပြီး သွေးကြောထဲတွင် အဆီများစုပုံခြင်း မဖြစ်ပွားအောင် ကာကွယ် ပေးနိုင်သည်။ အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် ဝမ်းမှန်စေသည်။ ရဲယိုသီးမှည့်ကို ကြိတ်ချေ၍ ဆားအနည်းငယ် ထည့်ကာ သောက်သုံးပေးလျှင် ချောင်းဆိုးပျောက်စေသည်။ ဆီးချို အတွက် အသုံးတည့်သကဲ့သို့ အမျိုးသမီးများ အဖြူဆင်းခြင်းနှင့် မအီမသာ ဖြစ်ခြင်းတို့အတွက် လည်း သက်သာပျောက်ကင်းစေသည်။ အမျိုးသမီးများတွင် ရာသီသွေးမှန်စေနိုင်သကဲ့သို့ သွေးမဆုံး ခင်ခံစားရနိုင်သည့် အကြိုလက္ခဏာများကိုလည်း သက်သာစေနိုင်သည်။ ထို့ပြင် မျက်စိအတွင်း တိမ် ကာကွယ်ရန်၊ ကင်ဆာရောဂါကာကွယ်ရန်နှင့် လေမဖြတ်စေရန်အတွက် အထူး သင့်တော်သည့် ဓာတ်စာတစ်ခုဖြစ်သည်။

သို့သော် ရဲယိုသီး၊ ရဲယိုရွက်များစားသုံးခြင်းဖြင့် ကောင်းကျိုးများစွာရှိသကဲ့သို့ ဆိုးကျိုးများ အနည်းငယ်ရှိသည်။ ၎င်းတို့မှာ ရဲယိုသီးသည် အပူစာဖြစ်သောကြောင့် ဓာတ်မတည့်သူများတွင် ဆံပင်ကျွတ်ခြင်း၊ ရင်ပူခြင်းတို့ဖြစ်စေနိုင်သည့်အတွက် ချင့်ချိန် စားသောက်ရန်လိုအပ်ပါသည်။

ကိုးကား-"အစိမ်းရောင်လမ်း”၊ Helloဆရာဝန်၊ ONDoctor Website 

ပေးပို့သူ- ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Subject-Image

  • ရဲယိုသီး၏ ကောင်းကျိုးများ

Posted-Date