မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၃၁ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်း
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင် ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် မြဝတီမြို့ - ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၂၃၁ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၁၀၃၀ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်း နိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၆၁ ဦးကို ထိုင်းနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၉၆၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း သတင်း ရရှိသည်။
အဆိုပါထိန်းသိမ်းထားရှိသည့် ပြည်ပနိုင်ငံသားများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရသည်-
Mr. Qian Le Ping (တရုတ်နိုင်ငံသား)
မိုင်းလားမြို့မှာ အလုပ်ကောင်းကောင်းရမယ်။ လစာများများရမယ်ဆိုတဲ့ အလုပ်ခေါ်စာ တွေ့လို့ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၂ ရက်မှာ တရုတ်နိုင်ငံကတစ်ဆင့် မိုင်းလားမြို့ကို တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက်ခဲ့ပါတယ်။ မိုင်းလားမြို့ကို ရောက်တဲ့အခါမှာ တရုတ်လူမျိုး Xiao Mu ရဲ့ Yong Le Gong အွန်လိုင်းဂိမ်းကုမ္ပဏီမှာ ၅ နှစ် အလုပ်လုပ်ခဲ့ပါတယ်။ မိုင်းလားကတစ်ဆင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှာ ရွှေကုက္ကိုလ်ကို ရောက်ရှိပြီး တရုတ်လူမျိုး Xiao Duo Duo ရဲ့ Hong Tu Guo Ji ကုမ္ပဏီမှာ အွန်လိုင်းကတစ်ဆင့် ကွန်ပျူတာနဲ့ ဂိမ်းကြော်ငြာပေးရတဲ့ အလုပ်ကို နေ့တိုင်း မွန်းတည့် ၁၂ နာရီကနေ ည ၁၂ နာရီအထိ လုပ်ပေးရပါတယ်။ တစ်လကို ဘတ် ၇ ထောင်နဲ့ ၃ လစာပဲ ရရှိပြီး ကျန်လတွေမှာ လစာ မရခဲ့ပါဘူး။
Mr. Zhuo Li ( တရုတ်နိုင်ငံသား)
ကျွန်တော်လုပ်ရတဲ့အလုပ်က တရုတ်လူမျိုးပိုင်တဲ့ Jin Man Tang ကုမ္ပဏီမှာ အွန်လိုင်းက တစ်ဆင့် လိမ်လည်ပြီး မက်ဆေ့ပို့ရတဲ့အလုပ်ကို တစ်ရက် ၁၆ နာရီခန့် အလုပ်လုပ်ရပြီး အဲဒီမှာ ၉ လခန့် ကြာခဲ့ပါတယ်။ ပထမလမှာ ဘတ် ၅ ထောင်ရပါတယ်။ ကျန်လတွေမှာတော့ လစာမရပါဘူး။ ရွှေကုက္ကိုလ်ကို ဝင်ရောက်ခဲ့တဲ့ လမ်းကြောင်းကတော့ တရုတ်နိုင်ငံကနေ လာအိုနိုင်ငံကို အရင်သွားခဲ့ပါတယ်။ လာအို နိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ကားနဲ့ထွက်ခွာခဲ့ပါတယ်။ ဘန်ကောက်မြို့ကတစ်ဆင့် ထိုင်းလူမျိုး ယာဉ်မောင်းတစ်ဦးရဲ့ အကူအညီနဲ့ မဲဆောက်မြို့ကို ဆက်ထွက်ခဲ့ပါတယ်။ မဲဆောက်မြို့ ရောက်တော့ ထိုင်းလူမျိုးတစ်ဦးရဲ့ စီစဉ်ပေးမှုနဲ့ မြစ်တစ်ခုကို စက်လှေနဲ့ဖြတ်ပြီး ရွှေကုက္ကိုလ်ကို ရောက်ရှိ ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တစ်လကိုယွမ် ၁ သောင်း ရမယ်ဆိုပြီး အွန်လိုင်းကနေခင်တဲ့ တရုတ် နိုင်ငံသား တစ်ဦးရဲ့ ဆက်သွယ်ပေးမှုကြောင့် အခုလို ထွက်လာခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက် မှာတော့ ထိန်းသိမ်းခံခဲ့ရပါတယ်။
Mr. Xu Yuan Shun ( တရုတ်နိုင်ငံသား)
ထိုင်းနိုင်ငံမှာ တစ်လကို ယွမ် ၁၂၀၀၀ ရတဲ့ အလုပ်လုပ်ရမယ်ဆိုပြီး အွန်လိုင်းကနေခင်တဲ့ တရုတ်နိုင်ငံသား တစ်ဦးက ဆက်သွယ်ပေးတဲ့အတွက် ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်မှာ လေယာဉ်နဲ့ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိခဲ့ပါတယ်။ ဘန်ကောက်မြို့ကို ရောက်တော့ တရုတ်လူမျိုး ယာဉ်မောင်း တစ်ဦးက မဲဆောက်မြို့ကို ပို့ဆောင်ပေးခဲ့ပါတယ်။ မဲဆောက်မြို့ကို မေလ ၄ ရက်မှာ ရောက်ရှိခဲ့ပါတယ်။ မဲဆောက်မြို့ကနေတစ်ဆင့် ထိုင်းလူမျိုးတစ်ဦးရဲ့ စီစဉ်ပေးမှုနဲ့ ရွှေကုက္ကိုလ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ရွှေကုက္ကိုလ်ကို မရောက်ခင် စက်လှေနဲ့ မြစ်တစ်မြစ်ကို ဖြတ်ခဲ့ရပါတယ်။ ရွှေကုက္ကိုလ်ကိုရောက်တော့ တရုတ်လူမျိုးပိုင်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရပြီး အွန်လိုင်းကနေ လိမ်လည်ပြီး လူရှာဖွေပေးရတဲ့ အလုပ်ကို တစ်နေ့ ၁၆ နာရီ လုပ်ပေးရပါတယ်။ တစ်လကို ဘတ် ၂၀၀၀ ရရှိပါတယ်။ ၉ လခန့် လုပ်ကိုင်ခဲ့ရပါတယ်။
Mrs. Karungi Deborah Nich Adrona ( ယူဂန္ဓာနိုင်ငံသူ)
သူငယ်ချင်း Joel Kagoro က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ Customer Service ကုမ္ပဏီတစ်ခုမှာ စကားပြန်အလုပ် လုပ်ရမယ်။ လစာကလည်း ဘတ် ၂၅၀၀၀ ရမယ်ဆိုလို့ ဒီအလုပ်ကို လုပ်မယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှာ ယူဂန္ဓာနိုင်ငံကနေ လေယာဉ်နဲ့ ထွက်ခွာခဲ့ပြီး ဇွန်လ ၁၆ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ လေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။ လေဆိပ်မှာ ချိတ်ဆက်ထား အမျိုးသား တစ်ဦးက မဲဆောက်မြို့ကို ကားနဲ့ ပို့ပေး ခဲ့ပါတယ်။ ကားနဲ့လာတဲ့ လမ်းတစ်လျှောက်မှာ စစ်ဆေးရေးဂိတ် နှစ်ခုကို ဖြတ်သန်းသွားခဲ့ရတယ်။ အဲဒီဂိတ်က ကျွန်မကို ဓာတ်ပုံမှတ်တမ်းပဲယူပြီး စစ်ဆေးမေးမြန်းခြင်းတော့ မရှိခဲ့ပါဘူး။ ၈ နာရီခန့် ကားစီးခဲ့ရပြီး မဲဆောက်မြို့ကို ရောက်တဲ့အခါ ဟိုတယ်တစ်ခုမှာ တစ်ည တည်းခိုခဲ့ပါတယ်။ နောက်နေ့ မှာတော့ ချောင်းတစ်ချောင်း(သောင်ရင်းမြစ်)ကို စက်လှေနဲ့ဖြတ်ကူးပြီး တစ်ဖက်ကမ်းကို ရောက်တဲ့ အခါမှာ အမျိုးသား တစ်ဦးက ကားနဲ့လာခေါ်ပြီး အလုပ်ဆိုဒ်(ရွှေကုက္ကိုလ်)ကို ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီက Hong Tu Yuan Gu ကုမ္ပဏီမှာ သင်တန်းနှစ်ပတ်တက်ခဲ့ရပြီး ကွန်ပျူတာနဲ့ စည်းရုံးဆက်သွယ် ပြောဆိုပေးရတဲ့ အလုပ်ကို တစ်လခန့် လုပ်ကိုင်ခဲ့ရတယ်။ နောက်တော့ ရထိုက် ကုမ္ပဏီကို ပြောင်းရွှေ့ အလုပ်လုပ်ခဲ့ပြီး လစာအနေနဲ့ ပထမအပတ်မှာ ဘတ် ၆၀၀၀ ရရှိခဲ့ပါတယ်။
Mr. Phimsanduk (ထိုင်းနိုင်ငံသား)
ကျွန်တော်က (Electronic) အထူးပြုဘာသာရပ်နဲ့ ကျောင်းပြီးပါပြီ။ ကျောင်းပြီးတော့ ဇာတိမြို့ ဖြစ်တဲ့ Lam Phun မြို့မှာပဲ အလုပ်လုပ်ခဲ့ပါတယ်။ အလုပ်လုပ်နေရင်း ရွှေကုက္ကိုလ်မှာ လစာကောင်းတဲ့ အလုပ်လုပ်ရမယ်ဆိုပြီး အွန်လိုင်းကနေ အဆက်အသွယ်ရခဲ့ပါတယ်။ အွန်လိုင်းကနေ လူရှာပေးရတဲ့ အလုပ်လုပ်ရမယ်။ လစာ တစ်လ ဘတ် ၃၀၀၀၀ ရမယ်လို့ Facebook ပေါ်မှာတွေ့တဲ့ အမျိုးသမီး တစ်ဦးက ဆက်သွယ်ပြောဆိုလာခဲ့တဲ့အတွက် အလုပ်လုပ်ဖို့ ထိုင်းနိုင်ငံ၊ Lam Phun မြို့ကနေ ခရီးသည်တင်ယာဉ်နဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်မှာ ထွက်လာခဲ့ပါတယ်။ မဲဆောက်မြို့ကို ရောက်တဲ့ အခါမှာ ထိုင်းလူမျိုး အမျိုးသား တစ်ဦးက ကားနဲ့လာခေါ်ပြီး သောင်ရင်းမြစ်ကမ်းစပ်ကို ပို့ဆောင် ပေးခဲ့ပါတယ်။ မြစ်ကို စက်လှေနဲ့ ဖြတ်ကူးပြီး တစ်ဖက်ကမ်းကို ရောက်တဲ့အခါမှာ တရုတ်လူမျိုး အမျိုးသား တစ်ဦးက ကားနဲ့လာခေါ်ပြီး ရွှေကုက္ကိုလ်မှာရှိတဲ့ Hong Chu ကုမ္ပဏီကို ပို့ပေးခဲ့ပါတယ်။ အဲဒီမှာ အွန်လိုင်းဂိမ်းအလုပ်ကို လုပ်ကိုင်ဖို့ ကွန်ပျူတာပညာကို သင်ယူနေတုန်းဖြစ်ပါတယ်။ သင်ယူနေတုန်း ထိန်းသိမ်းခံလိုက်ရတာဖြစ်ပါတယ်။
Source: www.moha.gov.mm