တရုတ်အစိုးရက ၂၀၂၅ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ၇.၂ ရာခိုင်နှုန်း တိုးမြှင့်သွားမည်
တရုတ်အစိုးရက ကာကွယ်ရေးအသုံးစရိတ်ကို ယခင် ၂၀၂၄ ခုနှစ်ကထက် ၇.၂ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲ သွားမည် ဖြစ်ကြောင်း မတ်လ ၅ ရက် ယနေ့တွင်ကျင်းပသည့် တရုတ်အမျိုးသားညီလာခံတွင် အဖွင့်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ပါသည်။ အဆိုပါကာကွယ်ရေးအသုံးစရိတ်မှာ ယွမ် ၁.၇၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၄၅ ဘီလီယံ)ခန့် ဖြစ်သည်။
တစ်နှစ်ထက်တစ်နှစ် ကာကွယ်ရေးအသုံးစရိတ် တိုးမြင့်လာမှုနှုန်းသည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်များတွင်လည်း တစ်ပြေးညီဖြစ်ခဲ့သည်။ ဤသည်မှာ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာသော်လည်း စစ်အင်အား ဆက်လက်တိုးမြှင့်လုပ်ဆောင်မှုကို ပြသခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် အရှေ့နှင့် တောင်တရုတ်ပင်လယ်တို့အတွင်း ၎င်း၏ ရေကြောင်းအလေးသာမှုကို တိုးမြှင့် လုပ်ဆောင်လာခဲ့ပြီး ကမ္ဘာပေါ်တွင် စစ်သင်္ဘောအပါအဝင် အခြားသော သင်္ဘောအရေအတွက် အများဆုံးဖြစ်သည်။
ထို့အပြင် တရုတ်နိုင်ငံက ယခုနှစ်အစောပိုင်းအတွင်း ၎င်း၏ တတိယမြောက် လေယာဉ်တင်သင်္ဘော Fujian ကို တပ်တော်ဝင်နိုင်ရန် မျှော်မှန်းထားသည်။ အချို့သောလေ့လာသူများကမူ တရုတ်အနေဖြင့် နျူကလီးယား လေယာဉ်တင်သင်္ဘောတည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေနိုင်ကြောင်း သုံးသပ်ကြသည်။
တရုတ်နိုင်ငံ၌ သိုလှောင်သိမ်းဆည်းထားသည့် တိုက်ပွဲဝင်နျူကလီးယားထိပ်ဖူး ၆၀၀ ကျော်ရှိမည်ဟု ခန့်မှန်းရပြီး ဆက်လက်၍လည်း တိုးမြှင့်ထုတ်လုပ်ထားရှိနိုင်သည်။ ဤသည်မှာ အဆင့်မြင့်အရပ်ဘက်နည်းပညာများကို အသုံးပြု ခြင်းဖြင့် ဆိုက်ဘာ၊ အာကာသနှင့် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းအောင် လုပ်ဆောင်ခြင်းဖြစ်ပေမည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်အား ကမ္ဘာ့အဆင့်မီဖြစ်ရေး မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း လေ့လာသူအချို့ကမူ တရုတ်တပ်မတော်အနေဖြင့် စစ်လက်နက်ပစ္စည်းများ ပြည်ပမှမှာယူစရိတ်များနှင့် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအသုံးစရိတ်များကို ထည့်သွင်းတွက်ချက်မှုမရှိသည့် အတွက် တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ် သုံးစွဲမှုသည် ပကတိမြေပြင်အခြေအနေနှင့် ကွဲလွဲမှုရှိကြောင်း ထောက်ပြပြောဆိုကြကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား-NHK World
အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)