ထိုင်းအစိုးရက ကုလသမဂ္ဂသို့ စာတစ်စောင် ပေးပို့ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအား နယ်စပ် တစ်လျှောက်ရှိ ပြည်နယ်လေးခုတွင် အရပ်သားများကို တိုက်ခိုက်မှုဖြင့် စွပ်စွဲခဲ့သည်။ ထိုတိုက်ခိုက်မှု များကြောင့် လူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။"ဇူလိုင် ၂၄ ရက် နံနက် ၈:၂၀ တွင် ကမ္ဘောဒီးယား စစ်တပ်က ထိုင်းစစ်စခန်းတစ်ခုဖြစ်သော Ta Moan Thom ဒေသကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုင်းစစ်သား နှစ်ဦးကျဆုံးခဲ့ရသည်။ ကမ္ဘောဒီးယားက စစ်ဆင်ရေး ကို တိုးမြှင့်ကာ Buriram ၊ Surin ၊ Sisaket နှင့် Ubon Ratchathani စသော ပြည်နယ်လေးခုရှိ အရပ်ဘက်နေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်" ဟု ဇူလိုင် ၂၅ ရက်တွင် ကုလသမဂ္ဂသို့ပေးပို့ခဲ့ သော ထိုင်းအစိုးရ၏ စာတွင် ဖော်ပြထားသည်။ထိုင်း၏စာတွင် ကမ္ဘောဒီးယား၏ စစ်ဆင်ရေးကြောင့် အရပ်သား ၁၁ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရခဲ့ကာ ၎င်းတို့အနက် ၈ ဦးမှာ အခြေအနေဆိုးရွားသည်ဟု ဆိုသည်။ ထို့အပြင် လူပေါင်း ၁၀၂,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ထိုင်းအာဏာပိုင်များက ကမ္ဘောဒီးယားအား "ဆေးရုံများ၊ ဒဏ်ရာရသူများနှင့် နာမကျန်းသူများအား ကာကွယ်ပေးရန် ပြဋ္ဌာန်းထားသော ၁၉၄၉ ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်ကာ အရပ်သားများ၊ ဆေးရုံများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခဲ့သည်ဟု" စွပ်စွဲခဲ့သည်။ ထိုင်းဘက်မှ ကမ္ဘောဒီးယားအား PMN-2 လူသတ်မိုင်းများ ပိုင်ဆိုင်မှုဖြင့်လည်း စွပ်စွဲခဲ့ပြီး "ယင်းလက်နက်များကို တားမြစ်ထားသော အော့တဝါကွန်ဗန်းရှင်းပါ တာဝန်ချိုးဖောက်မှု" ဖြစ်သည်ဟု ဆိုကာ နယ်စပ်စောင့်ကြပ်စဉ် ထိုင်းစစ်သားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဘန်ကောက်က ၂၀၀၃ ခုနှစ်တွင် ၎င်းတို့၏ လူသတ်မိုင်းအားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး ကုလသမဂ္ဂသို့ အစီရင်ခံခဲ့ကြောင်း ပြောကြားခဲ့သည်။ထိုင်းဘက်မှ များစွာထိန်းချုပ်ကာဆောင်ရွက်ခဲ့ကြောင်းဖော်ပြခဲ့ပြီး ၎င်းတို့၏ စစ်ဆင်ရေးများကို "ကမ္ဘောဒီးယားစစ်တပ်မှ ခြိမ်းခြောက်မှုကို ကာကွယ်ရန် တရားဝင်ကာကွယ်ရေးအဖြစ် ကန့်သတ် ထားသော ပစ်မှတ်ထားတိုက်ခိုက်မှုများ" အဖြစ် ရှင်းပြခဲ့သည်။"အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် မိမိတို့၏ ပြတ်သားသော ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါသည်။ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများကို ဖြေရှင်းရာတွင် အားသုံးမှုကို အတိအလင်းပယ်ချပြီး ကမ္ဘောဒီးယားအား ရန်လိုသော လုပ်ရပ်များကို ရပ်တန့်ကာ စေ့စပ်ညှိနှိုင်း မှုများဆီသို့ သစ္စာရှိစွာ ပြန်လည်ရောက်ရှိရန် တိုက်တွန်းပါသည်" ဟု စာတွင် ဖော်ပြထားသည်။ထိုင်းက ကျန်ရှိနေသော နယ်နိမိတ်အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရေး စက်တင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် နှစ်နိုင်ငံပူးပေါင်းနယ်စပ်ကော်မတီကဲ့သို့သော နှစ်ဘက်ညှိနှိုင်းရေးယန္တရားများတွင် ပါဝင်ရန် အဆင်သင့်ဖြစ်နေကြောင်း အတည်ပြုခဲ့သည်။ကမ္ဘောဒီးယားဘက်မှ ထိုင်း၏စာကို မှတ်ချက်တစ်စုံတစ်ရာမပြုသေးပေ။ သို့သော် ကမ္ဘောဒီးယား မီဒီယာများက ထိုင်းဘက်မှ F-16 တိုက်လေယာဉ်များဖြင့် အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ သည်ဟု စွပ်စွဲခဲ့သည်။ ဘန်ကောက်က ယင်းစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်ခဲ့ကြောင်း ခိုင်ခိုင်မာမာ ပြောကြားခဲ့သည်။ကမ္ဘောဒီးယား၏ ဝန်ကြီးချုပ် ဟွန်မာနက်က နယ်စပ်တိုက်ပွဲများ စတင်ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ စာတစ်စောင်ပေးပို့ကာ အရေးပေါ်အစည်းအဝေးတစ်ခုကျင်းပရန် တောင်းဆိုခဲ့သည်။ ဟွန်မာနက်က ထိုင်းဘက်မှ ကမ္ဘောဒီးယား၏ နယ်မြေများစွာကို လက်နက် ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီး နိုင်ငံ၏တပ်မတော်မှ "အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရန် မိမိကိုယ်ကို ခုခံကာကွယ်ခဲ့သည်" ဟု ပြောကြားခဲ့သည်။ ဟွန်မာနက်က ထိုင်းနိုင်ငံအား ရန်လိုသော လုပ်ရပ်အားလုံးကို ချက်ချင်းရပ်တန့်ပြီး တပ်ဖွဲ့များကို ရုပ်သိမ်းကာ နောက်ထပ်မည်သည့်အရှိန်မြှင့်တင်သည့်လုပ်ရပ်ကိုမဆို ရှောင်ကြဉ်ရန် တောင်းဆိုခဲ့ပြီး ထိုင်းမှ "မကြာသေးမီက မိုင်းပေါက်ကွဲမှုနှင့်သက်ဆိုင်သော အခြေအမြစ်မရှိသည့်စွပ်စွဲချက်များကို မှန်ကန်ကြောင်းသက်သေပြရန်" "မြေပုံကို တစ်ဖက်သတ်ပြန်ဆွဲခဲ့သည်" ဟု ပြောကြားခဲ့သည်။AFP ၏သတင်းအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဇူလိုင် ၂၅ ရက် ညနေပိုင်းတွင် အရေးပေါ် အစည်းအဝေးတစ်ခု ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲကို တံခါးပိတ်ပုံစံဖြင့် ကျင်းပကာ ကမ္ဘောဒီးယား- ထိုင်းနယ်စပ်တွင် ဖြစ်ပွားနေဆဲတိုက်ပွဲများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရ သည်။ကိုးကား- VN Expressဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂