အစ္စရေးစစ်ဘက်က အီရန်နျူကလီးယား အခြေစိုက်စခန်းများနှင့် စစ်ဘက်ထိပ်တန်း ခေါင်းဆောင်များအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း
အစ္စရေးစစ်ဘက်သည် အီရန်နိုင်ငံ၏ နျူကလီးယားအခြေစိုက်စခန်းများနှင့် စစ်ဘက် ထိပ်တန်းခေါင်းဆောင်များ တည်ရှိရာနေရာများအား ပစ်မှတ်ထား တိုက်ခိုက်မှုကို စတင် လုပ်ဆောင် လာခဲ့ပါသည်။ အစ္စရေးက အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှု အသစ်တစ်ခု စတင်ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ထိုညမှာပင် နျူကလီးယားစမ်းသပ်ရေးစခန်းများနှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပါသည်။ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် အီရန်ရှိ ဒုံးကျည်ပစ်လွှတ်စင်များနှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံများကို ဆက်လက် တိုက်ခိုက်လျက်ရှိကြောင်း အစ္စရေးလေတပ်က ထုတ်ဖော်ပြောကြားခဲ့သည်။ အီရန်၏ မြို့တော် တီဟီရန်အနီးတွင် ဇွန်လ ၁၃ ရက် ညနေပိုင်းတွင် အနည်းဆုံး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက အတည်ပြုထုတ်ပြန်ခဲ့သော်လည်း အီရန်ဘက် မည်သည့်မှတ်ချက်မျှ ထုတ်ပြန်ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် အီရန်အတွက် အဓိကအားထားရသည့် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ စစ်ဘက်အကြီးအကဲတစ်ဦးဖြစ်သည့် Hossein Salami အပါအဝင် အဆင့်မြင့် အရာရှိကြီးများနှင့် နျူကလီးယား သိပ္ပံပညာရှင်များစွာကို ထိခိုက်သေဆုံးစေခဲ့သည်ဟု အီရန် သတင်းရင်းမြစ်များကို ကိုးကား၍ ဘီဘီစီ က ဖော်ပြခဲ့ပါသည်။ ၎င်းဖြစ်စဉ်အတွင်း ကလေး သူငယ်များ အပါအဝင် အရပ်သားများ သေဆုံးခဲ့ကြရကြောင်း အီရန်အစိုးရဘက်က သတင်း ထုတ်ပြန်ခဲ့သည်။ တီဟီရန်ရှိ လူနေရပ်ကွက်များ ထိခိုက်ပျက်ဆီးခဲ့ပြီး မြို့တော်၏ အရှေ့ မြောက်ပိုင်းတွင်လည်း ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်း တွင် ဖော်ပြခဲ့ပါသည်။
အလားတူ အီရန်ဘက်က ထိုနေ့ နံနက်ပိုင်းတွင် အစ္စရေးဘက်သို့ ဒရုန်း ၁၀၀ ခန့် ပစ်လွှတ် ခဲ့ရာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ကြားဖြတ်ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ လတ်တလော တွင် အစ္စရေး၌ အရေးပေါ်အခြေအနေ ကြေညာထားပြီး နိုင်ငံတစ်ဝှမ်းရှိ ဒေသခံများအား “အကာ အကွယ်ရှိသော နေရာများအတွင်း၌ နေထိုင်ရန်” အစ္စရေးစစ်ဘက်က ထုတ်ဖော်ကြေညာခဲ့ပါ သည်။
IAEA အကြီးအကဲ Rafael Grossi က နျူကလီးယားအဆောက်အအုံများကို “ဘယ်တော့မှ တိုက်ခိုက်ခြင်းမပြုရ” ဟု ပြောကြားခဲ့ပြီး ယင်းကဲ့သို့သော တိုက်ခိုက်မှုများသည် “နျူကလီးယား ဘေးကင်းလုံခြုံရေးအပြင် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် သိသိ သာသာ သက်ရောက်မှုရှိသည်” ဟု ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက “နျူကလီးယား အဆောက်အအုံများ၏ ဘေးကင်းလုံခြုံမှုကို ထိခိုက်စေနိုင်သည့် မည်သည့်စစ်ရေးလှုပ်ရှားမှုမျိုးကို မဆို လက်မခံကြောင်း၊ အဆိုပါတိုက်ခိုက်မှု၏ အကျိုးဆက်ကို အီရန်ပြည်သူများအပြင် အခြား သော ဒေသရှိ ပြည်သူများသို့ ဆိုးဝါးသော အကျိုးသက်ရောက်မှု များ ရှိစေသည်” ဟု ပြောကြား ခဲ့သည်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ယခုစစ်ဆင်ရေးကို “Operation Rising Lion” ဟု အမည်ပေးထားကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုသည် “အစ္စရေး၏ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်လာသည့် အီရန်၏အန္တရာယ်ကို တွန်းလှန်ရန် ဤစစ်ဆင်ရေးကို စတင် ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နေတန်ယာဟုက အီရန်သည် မကြာသေးမီလများ အတွင်း “လက်နက်များ” ထုတ်လုပ်ရန် ခြေလှမ်းများ စတင်နေကြောင်း စုံစမ်းရရှိသည့် သတင်း အချက်အလက်များအရ ထုတ်ဖော်ပြောကြားခဲ့ပြီး အီရန်၏ လုပ်ရပ်ကို ရပ်တန့်နိုင်ခြင်းမရှိပါက အချိန်တိုအတွင်း အီရန်သည် နျူကလီးယားလက်နက်များ ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာ နိုင်ကြောင်း ပြောကြားခဲ့သည်။
သတင်းအရင်းအမြစ်- https://www.bbc.com/news/articles/cdj9vj8glg2o
ဘာသာပြန်ဆိုသူ- ဦးညီညီအောင်စိုး၊ ညွှန်ကြားရေးမှူး၊ နစက-၄