ထူးမြတ်သည့်ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့

Posted_Date

Image

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့

Body

 “ဝါဆိုဝါခေါင် ရေဖောင်ဖောင်”ဆိုသည့်စကားနှင့်အညီ ဝါခေါင်လသည် မိုးကောင်းစွာ ရွာသွန်းသောကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် ရေများပြည့်ကာ ရေတိုးနေသည်။ မိုးလယ်လဖြစ်၍ တောင်သူဦးကြီးတို့ကောက်စိုက်ချိန်ဖြစ်ပြီး လယ်ကွင်းပြင်တွင် ကောက်ပင်များဖြင့် စိမ်းစိုနေသည်။

ဝါခေါင်လကို  ပုဂံခေတ်ကျောက်စာတွင်   “နံကာလ”ဟူ၍ ရေးသားသုံးနှုန်းကြပြီး “နံ”သည် အချိန်ကာလ “ကာ”သည် လယ်ယာထွန်ယက်စိုက်ပျိုးခြင်းဖြစ်သဖြင့် “လယ်ယာထွန်ယက် စိုက်ပျိုးသောလ”ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသည်။ ဝါခေါင်လ သို့မဟုတ် သိဟ်ရာသီဟူသော ဝေါဟာရမှာ သီဟဟူသော ပါဠိသက်စကား“ခြင်္သေ့”ဖြစ်၍ ရာသီရုပ်ပုံကို ခြင်္သေ့ပုံဖြင့်သရုပ်ဖော်သည်။ ဝါခေါင်လပြည့်နေ့သည် မေတ္တာအခါတော်နေ့ဖြစ်သည်။ မြန်မာပြက္ခဒိန်၏ပဉ္စမမြောက်လတွင် ကျရောက်သည်။  ရာသီပန်းမှာ  ခတ္တာပန်းဖြစ်ပြီး  ရာသီခွင်မှာ သိဟ်ရာသီဖြစ်သည်။  မြန်မာတို့၏  ၁၂ လရာသီပွဲတော်များအနက်   ဝါခေါင်လတွင် ဘာသာရေးယဉ်ကျေးမှု အစဉ်အလာ စာရေးတံပွဲကို ကြည်ညိုသဒ္ဓါ ပွားဖွယ်ပြုလုပ်ကြသည်။

မေတ္တာအခါတော်နေ့ ဖြစ်တည်လာပုံ

အခါတစ်ပါး၌ ရဟန်းငါးရာတို့သည်  မြတ်စွာဘုရားထံမှ  ကမ္မဋ္ဌာန်းတောင်း၍ ဟိမဝန္တာနှင့်တစ်စပ်တည်းတည်ရှိသော တောအုပ်တစ်ခုတွင် တရားအားထုတ်၍ နေကြလေရာ ရဟန်းတော်တို့၏ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ကြောင့် နတ်တို့သည် သစ်ပင်များပေါ်တွင် မနေနိုင်ကြတော့ဘဲ မြေပြင်၌ ဆင်းသက်၍ အချိန်ကြာမြင့်စွာ နေကြရသောကြောင့် သည်းမခံနိုင်တော့သဖြင့် ညဉ့်အခါတွင် ရဟန်းတော်များအား အမျိုးမျိုးခြောက်လှန့်ပြီး ရောဂါအန္တရာယ်ထူပြောအောင်၊ သမာဓိမရအောင်  အမျိုးမျိုးဖန်တီးကြလေရာ ရဟန်းငါးရာတို့လည်း  ဤအရပ်သည်  ပဋိရူပဒေသမဟုတ်ဟု  တိုင်ပင်ကြပြီး မြတ်စွာဘုရားထံသွားရောက်ကာ အလုံးစုံလျှောက်ထားကြလေသည်။

ထိုအခါ ဘုရားရှင်တော်က  ရဟန်းတော်များအား လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့ ချစ်ခင်စေမည့် မေတ္တသုတ်တရားတော်ကို သင်ပေးတော်မူ၍ ထိုတောအုပ်သို့ပင် ပြန်သွားကြရန် မိန့်ကြားတော်မူလေသည်။ ရဟန်းများတောအုပ်သို့ ပြန်သွားကြပြီး မြတ်စွာဘုရားသင်ကြားတော်မူလိုက်သည့်အတိုင်း မေတ္တသုတ်ကိုရွတ်ဆိုလျက် မေတ္တာဘာဝနာကိုပွားများကြရာ နတ်တို့နှင့်သင့်မြတ်ကာ အေးချမ်းစွာ တရားကျင့်ကြံနိုင်ကြလေသည်။ ထို့ကြောင့် ဝါခေါင်လပြည့်နေ့ကို “မေတ္တာအခါတော်နေ့”ဟူ၍ သတ်မှတ်ခေါ်ဆိုခြင်းဖြစ်သည်။

ရဟန်းတော်များသည် မြတ်စွာဘုရားထံ ပြန်လည်ကြွမြန်းသောကာလသည် ပထမဝါဆိုဖြစ်ပြီး ရဟန်းတော်များ ဤတောအတွင်း၌ပင်  ဒုတိယဝါဆိုခဲ့ကြခြင်းဖြစ်ရာ ကျမ်းဂန်များအရ  “မေတ္တသုတ်တော်”ကိုဟောသောလသည်လည်း ဝါခေါင်လဖြစ်ကြောင်းသိရှိနိုင်ပေသည်။ မေတ္တသုတ်တော်သည် ဗုဒ္ဓဘာသာရေးနယ်ပယ်တွင် အလွန်အကျိုးများစေသည့်သုတ်တော်ဖြစ်သည်။  ရဟန်း သံဃာတော်များသည် ဝါခေါင်လပြည့်နေ့ရောက်လျှင် မေတ္တသုတ်တော်များကို ရွတ်ဆိုပွားများကြသည်။ ရပ်ထဲရွာထဲတွင် နေထိုင်သူများသည်လည်း ဘုရား၊ ပုထိုး၊ စေတီများတွင် မေတ္တသုတ်တော်များ ရွတ်ဖတ်၍ ကုသိုလ်မေတ္တာပွားများခြင်းတို့ကို  ဆောင်ရွက်ကြသည်။

မေတ္တာဟူသည် အေးချမ်းသော၊ အေးငြိမ်းသော သဘောကိုဆောင်သောကြောင့် လူ၊ နတ်၊ ဗြဟ္မာတို့၏ နှစ်သက်မြတ်နိုးခြင်းကို ရရှိလေသည်။ မေတ္တာသည် လူသားတိုင်း ထားရှိသင့်သော အရာဖြစ်သည်။ သတ္တဝါမှန်သမျှ မေတ္တာနှင့်သာ ဆက်ဆံသင့်သည်။ ဝါခေါင်လအခါသမယသည် မိုးရာသီဖြစ်သကဲ့သို့ မေတ္တာဓာတ်များပက်ဖျန်းပါက ပို၍အောင်မြင်အေးချမ်းသော၊ အေးမြသောအခြေအနေများသာ ဖြစ်ပေါ်လာမည် ဖြစ်သည်။

စာရေးတံမဲပွဲတော်ကျင်းပ

ဝါခေါင်လတွင် ထင်ရှားသော ရာသီပွဲတော်မှာ စာရေးတံမဲပွဲတော်ဖြစ်သည်။ စာရေးတံမဲပွဲတော် ဖြစ်ပေါ်လာပုံမှာ ရာဇဂြိုဟ်ပြည်  ဝေဠုဝန်ကျောင်းတော်၌  မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်အခါက ရာဇဂြိုဟ်တစ်ပြည်လုံး စားနပ်ရိက္ခာငတ်မွတ် ခေါင်းပါးခြင်းနှင့် ကြုံတွေ့နေချိန်ဖြစ်သည်။ တပည့်ဒါယကာများက တစ်ကျောင်းလုံးရှိ သံဃာအားလုံးကို ဆွမ်းလှူဒါန်းခြင်းမပြုလုပ်နိုင်သဖြင့် သံဃာတစ်ပါးဖြစ်စေ၊  သုံးပါးဖြစ်စေ၊ သံဃာဆယ်ပါးဖြစ်စေ စသည်ဖြင့် မိမိတို့တတ်နိုင်သမျှ လှူဒါန်းခွင့်ပြုပါရန် ဘုရားရှင်အား လျှောက်ထားတော်မူခဲ့သည်။ ထိုအခါ ဘုရားရှင်တော်မှ ခွင့်ပြုတော်မူသဖြင့် မည်သည့်သံဃာဟူ၍ အစွဲမထားဘဲ စာရေးတံမဲချ၍ လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

စာရေးတံမဲချပုံမှာ ဝါး၊ နှီးပြားများ သို့မဟုတ် သစ်သားတံတို့၏ ထိပ်တွင် ဆွမ်းဒကာ၏ အမည်နှင့် နေရပ်ကို   ရေးမှတ်ထားသည်။ ရဟန်းများက ထိုစာရေးတံမဲများကို အလှည့်ကျမဲနှိုက်ကာ မိမိတို့ မဲကျသည့် ဆွမ်းဒကာ၏အိမ်သို့ ဆွမ်းစားကြွရခြင်းဖြစ်သည်။ ဘုရားရှင်က စာရေးတံမဲပွဲတော်ကို မည်သည့်လတွင် ကျင်းပရမည်ဟူ၍ သတ်မှတ်မထားသော်လည်း ရှေးမြန်မာမင်းများလက်ထက် ကတည်းကပင်   သံဃာတော်များ   တစုတစည်းတည်းရှိရာ   ဝါခေါင်လတွင်   ကျင်းပခဲ့ကြသည်။ စာရေးတံမဲပွဲကို “မဟာဒုက်ပွဲ”ဟူ၍လည်း ခေါ်ဆိုကြသည်။

ယနေ့ခေတ်ကာလတွင် စာရေးတံမဲနှင့် ဆွမ်းတော်ကြီးလောင်းလှူပွဲများကို ဝါခေါင်လဟူ၍ သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ခြင်းများ နည်းပါးလာကြသည်။ ရပ်ကွက်ဘုရားပွဲများ ကျင်းပကြပြီးနောက် စက္ကူမဲလိပ်များတွင် စာရေးတံမဲနံပါတ ်ဂဏန်းများကိုသာ ရေးသားလာကြသည်။ ဝါခေါင်လ၏အခြားပွဲတော်တစ်ခုမှာ တောင်ပြုံးနတ်ရှင်ညီနောင်ပွဲဖြစ်သည်။ မန္တလေးမြို့ မြောက်ဘက် တောင်ပြုံးရွာတွင်  ရွှေဖျင်းကြီး၊  ရွှေဖျင်းလေး နတ်ညီနောင်နှစ်ပါးကို ပူဇော်ပသသည့်ပွဲကို ပုဂံခေတ်မှ ယနေ့တိုင်အောင် ဝါခေါင်လဆန်း ၈ ရက်နေ့မှ ဝါခေါင်လပြည့်နေ့အထိ ကျင်းပကြသည်။

မေတ္တသုတ်တော် ရွတ်ဖတ်ပူဇော်

မေတ္တသုတ်တော်တွင် မေတ္တာဘာဝနာပွားသူတို့ လိုက်နာရမည့်မေတ္တာမူ ၁၅ ချက် ပါဝင်သည်။ အဆိုပါမူများမှာ စနစ်တကျ မေတ္တာပို့သနည်းများ၊ မေတ္တာပို့သူ၏ စိတ်ထားပုံထားနည်း၊ မေတ္တာဘာဝနာ၏ အပိုင်းအခြား၊  မေတ္တသုတ်ပွားသူ၏ ရည်ရွယ်ချက်၊ မေတ္တာကြောင့် ဈာန်ရနိုင်ပုံ၊ ထိုဈာန်တွင် ယစ်မူး၍မနေဘဲ  ထိုဈာန်ကိုအခြေခံထား၍ ဝိပဿနာတရားဖြင့် မဂ်ပေါက်ဖိုလ်ဝင်ကျင့်စဉ်များကို လမ်းညွှန် ထားတော်မူခြင်းဖြစ်သည်။ ဝါခေါင်လသည် ၂၉ ရက်ရှိသည့်အတွက် ရက်မစုံသောလတွင် ပါဝင်သည်။ ဝါခေါင်လတွင် မြန်မာလူမျိုးတို့၏ ကောင်းသောရက်၊ ရက်ရာဇာအဖြစ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တို့ဖြစ်ပြီး  ရှောင်ရှားသင့်သော ရက်များအဖြစ် ကြာသပတေးနေ့နှင့် စနေနေ့တို့ဖြစ်သည်။ “မွန်းတည့်ချိန်ခါ၊ တိုင်းတာပါ၊   ဆာယာတစ်ဖဝါး”ဟူသော သံပေါက်အရ ဝါခေါင်လ၏ နေမွန်းတည့်ချိန်တွင် လူ၏အရိပ်သည် တစ်ဖဝါးသာရှိကြောင်း မှတ်သားရသည်။

ဝါခေါင်လအခါသမယသည်  မြို့နေလူထု၊ ကျေးလက်နေသူတို့  အေးချမ်းစွာနေထိုင်နိုင်သော ရာသီဖြစ်ပြီး တရားဘာဝနာပွားများ အားထုတ်ခြင်းဖြင့် မေတ္တာပို့သ၍ ကောင်းမွန်သော ကာလဖြစ်သည်။ ဝါခေါင်လတွင် ရဟန်းသံဃာတော်များသည် ဝါဆိုတော်မူစဉ်ကာလဖြစ်သကဲ့သို့ လူပုဂ္ဂိုလ်တို့မှာလည်း လယ်ယာလုပ်ငန်းခွင်များ မပြတ်မလပ် လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင်  ဝါခေါင်လပြည့်နေ့တွင် မေတ္တာအခါတော်နေ့ဖြစ်သည့် အားလျော်စွာ ထိုနေ့တွင် သာသနာတော်ကို များစွာကျေးဇူးပြုသည့် မေတ္တသုတ်တော်ကို အိမ်တိုင်း၊ ကျောင်းတိုင်း၊ ဓမ္မာရုံတိုင်းတွင် ရွတ်ဆိုပွားများခြင်းဖြင့် မေတ္တာလွှမ်းခြုံသော အခါသမယဖြစ်ပေသည်။

ဂုဏ်ယူရသည့် ယဉ်ကျေးမှုဓလေ့များ

မြန်မာနိုင်ငံတွင် ဘာသာရေးအထိမ်းအမှတ်အဖြစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ကို နှစ်သစ်မင်္ဂလာအခါတော်နေ့၊ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓအခါတော်နေ့၊ နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့၊ ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့၊ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့၊ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့၊ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့ကို    သာမညဖလအခါတော်နေ့၊ နတ်တော်လပြည့်နေ့ကို ဓမ္မစာဆိုတော်များနေ့၊ ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့၊ တပို့တွဲလပြည့်နေ့ကို ဩဝါဒပါတိမောက်အခါတော်နေ့နှင့် တပေါင်းလပြည့်နေ့ကို မြတ်ဗုဒ္ဓ၏ပြည်တော်ဝင် အခါတော်နေ့ဟူ၍ ဘာသာရေးအထိမ်းအမှတ်နေ့များ အဖြစ် ရှေးယခင်ကတည်းကအစဉ်အလာမပျက်  နှစ်စဉ်ကျင်းပခဲ့ကြသည်။

ထိုဘာသာရေး အထိမ်းအမှတ်နေ့များတွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသကဲ့သို့ ပွဲတော်များလည်း သတ်မှတ်ကျင်းပကြသည်။ မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များ ဖြစ်သည့် တန်ခူးလ သင်္ကြန်ပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲ၊ နယုန်လ စာပြန်ပွဲ၊ ဝါဆိုလ ဝါဆိုပွဲ၊   ဝါခေါင်လ စာရေးတံမဲပွဲ၊ တော်သလင်းလ လှေပြိုင်ပွဲ၊ သီတင်းကျွတ်လ မီးထွန်းပွဲ၊ တန်ဆောင်မုန်းလ ကထိန်ပွဲ၊ နတ်တော်လ စာဆိုတော်ပွဲ၊ ပြာသိုလ မြင်းခင်းပွဲ၊ တပို့တွဲလ ထမနဲပွဲ၊ တပေါင်းလ သဲပုံစေတီပွဲတို့ကို ကျင်းပကြသည်။ ရှေးမြန်မာမင်းများ၊ ဘိုးဘွားများက ထိုမြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ပွဲတော်များကို သားစဉ်မြေးဆက်   လက်ဆင့်ကမ်းအမွေ   ပေးထားခဲ့ကြသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည်  ဂုဏ်ယူစရာကောင်းသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်တွင် တည်ရှိလျက်ရှိသည်။ ရိုးရာယဉ်ကျေးမှုပျောက်ပါက လူမျိုးပါ ပျောက်ကွယ်နိုင်သည်။ ထို့ကြောင့် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ရိုးရာ ဝိသေသလက္ခဏာများအပေါ်   လေးစားတန်ဖိုးထားကြရမည်။   နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှု အရိုးပေါ်အရွက်ဖုံးကာ ယဉ်ကျေးမှုပျောက်ကွယ်မသွားစေရန် ဆက်လက်ထိန်းသိမ်းရပေမည်။

သို့ဖြစ်ရာ လူတိုင်းအတွက် အခြေခံတရား ဖြစ်တော်မူသော မေတ္တာတရားကို လူတိုင်းကိုယ်စီကိုယ်င ကျင့်သုံးနေထိုင်ခြင်းဖြင့်   ဗဟိဒ္ဓဟူသည့် အပြင်ငြိမ်းချမ်းမှုသာမက   မိမိ၏အဇ္စျတ္တဖြစ်သည့် အတွင်းငြိမ်းချမ်းမှုကိုပါ ရရှိစေနိုင်သည်။ “မေတ္တာခြုံ လုံခြုံ၊ မေတ္တာလွှမ်း အေးချမ်း”ဆိုသကဲ့သို့ ထူးမြတ်သည့်ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော မေတ္တသုတ်တရားတော်ကို ရွတ်ဖတ်ပွားများ ပူဇော်ကြခြင်းဖြင့် ဘေးဘယာများ ကင်းဝေးပြီး အေးချမ်းသာယာမှု အပေါင်း ရရှိခံစား စံစားနိုင်မည်ဖြစ်ပေသည်။    ။

MWD