အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့
Posted_Date
Image

Body
လူငယ်တို့၏သဘာဝမှာ လျင်မြန်ခြင်း၊ နိုးကြားတက်ကြွခြင်း၊ ခွန်အားရှိခြင်း၊ စူးစမ်းတတ်ခြင်း၊ စွန့်စားခြင်း၊ ရဲရင့်ခြင်း၊ တတ်မြောက်လွယ်ခြင်းနှင့် ဖန်တီးနိုင်စွမ်းအား ရှိသူများဖြစ်ကြပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်ကို တာဝန်ယူကြရမည့်သူများ ဖြစ်ပေရာ လူငယ်များကိုစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးရှိအောင် ပြုစုပျိုးထောင်ခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို အလှဆင်ကြရမည်ဖြစ်ပါသည်။ လူငယ်များ၏အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန် ၁၉၉၁ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ပထမအကြိမ် လူငယ်ဖိုရမ်ကို ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်မှအပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပနိုင်ရန် အဆိုပြုခဲ့ရာမှ ၁၉၉၈ ခုနှစ်တွင် ပေါ်တူဂီနိုင်ငံ၌ ကုလသမဂ္ဂနှင့် ပူးပေါင်း၍ ပထမအကြိမ် လူငယ်ဆိုင်ရာဝန်ကြီးများ၏ ကမ္ဘာ့ညီလာခံက ဩဂုတ်လ ၁၂ ရက်ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် အကြံပြုခဲ့သည်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးမှ ဆုံးဖြတ်ချက်အမှတ်(၅၄/၁၂၀)ဖြင့် ဩဂုတ်လ ၁၂ ရက်ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၂၅ ခုနှစ်အတွက်ဆောင်ပုဒ်မှာ “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင်ဆီသို့” ဟူ၍သတ်မှတ်ပေးထားသည်။ ထို့အတွက် အောက်ဖော်ပြပါအကြောင်းအရာများကို အသိပညာဗဟုသုတ ရရှိစေရန် ရေးသားတင်ပြလိုက်ရပါသည်-
လူငယ်နှင့်ပညာရေး
လူငယ်များသည် အနာဂတ်လူ့ဘောင်ကို ပုံဖော်ပေးကြမည့်သူများဖြစ်ပြီး အနာဂတ်လူ့ဘောင်ကို ဖန်တီးတည်ဆောက်ကြမည့်နိုင်င ံ့အရင်းအမြစ်များဖြစ်ကြသည်။ လူငယ်များကို စိတ်ဓာတ်မြင့်မားသူ၊ အတွေးအခေါ် မှန်ကန်သူ၊ ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည်ပြည့်စုံကြသည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်သည်။ လူငယ်များစနစ်တကျမှန်မှန်ကန်ကန် လေ့ကျင့်ပျိုးထောင်ပေးနိုင်မှသာ အနာဂတ်နိုင်ငံတော်ကို မြင့်မားတိုးတက်အောင် တည်ဆောက်သွားနိုင်မည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်မှု၏အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များ ပေါများခြင်းပင်ဖြစ်သည်။ ပညာဆိုသည်မှာ အသေးစိတ်သိခြင်း၊ သိအောင်လုပ်ခြင်း၊ ကျယ်ကျယ်ပြန့်ပြန့်သိခြင်းတို့ဖြစ်သည်။
ပညာသင်ကြားခြင်းဆိုရာတွင် ကျောင်းသင်ခန်းစာများကို သင်ယူခြင်းအပြင် ကျောင်းပြင်ပသင်ယူခြင်းနှင့် အတွေ့အကြုံများမှ ကိုယ်တိုင်လေ့လာ သင်ယူသွားကြရမည်ဖြစ်သည်။ ပညာတတ်ဖြစ်မှသာ လူ့ဘဝရှင်သန် ရပ်တည်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးများကိုရရှိပြီး စဉ်းစားတွေးခေါ်မှု၊ ပြဿနာကိုဖြေရှင်းတတ်မှု၊ ဝေဖန်ပိုင်းခြားတတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု စသည့်ပင်ကိုအရည်အသွေးများကို ပိုင်ဆိုင်လာမည်ဖြစ်သည်။
အရည်အသွေးမြင့်သည့် ပညာရပ်များကို တတ်ကျွမ်းသူများသည် ကောင်းမွန်သည့်အလုပ်အကိုင်ကောင်းများကို ရရှိနိုင်သည်။ ဆန်းသစ်တီထွင်တတ်သူ၊ ဉာဏ်ရည်မြင့်မားသူ၊ ဝီရိယရှိပြီး ကြိုးစားအားထုတ်သူများသည် သက်ဆိုင်ရာလုပ်ငန်းများတွင် အောင်မြင်သူများဖြစ်လာကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေ
ရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ ထို့ပြင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။
လူငယ်နှင့်စာပေ
လူငယ်ဘဝ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို ပြောမည်ဆိုပါက လူငယ်နှင့်စာပေမှာ ခွဲခြား၍မရပေ။ လူငယ်များသည် စာပေနှင့်ပတ်သက်၍ ဖတ်ရှုလေ့လာခြင်း၊ ကြည့်ရှုလေ့လာခြင်းတို့ဖြင့် ရရှိလာသည့် ဗဟုသုတအတွေ့အကြုံများဖြင့် အနာဂတ်ဘဝကို ပုံဖော်ရမည်ဖြစ်သည်။
ဖတ်ရှုလေ့လာခြင်း(Reading and Studying)ဆိုသည်မှာ စာပေ၊ အချက်အလက် သို့မဟုတ် အကြောင်းအရာတစ်ခုကို စနစ်တကျဖတ်ရှုပြီး နားလည်သဘောပေါက်၍ လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ စာမေးပွဲအတွက် လေ့လာခြင်း၊ ဘာသာရပ်အသစ်ကို သင်ယူခြင်းတို့တွင် အသိပညာ၊ အတွေ့အကြုံ သို့မဟုတ် ကျွမ်းကျင်မှုရရှိရန် ရည်မှန်းချက်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဖတ်ရှုရမည်။ ဖတ်ရှုလေ့လာခြင်းမှတစ်ဆင့် ပညာရှာမှီးရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရန်၊ အတွေးအခေါ်၊ ဉာဏ်ရည်နှင့်ဆုံးဖြတ်ချက်များ ပိုမိုကောင်းမွန်စေရန်၊ဘဝအတွေ့အကြုံများကို ကျယ်ပြန့်စွာနားလည်နိုင်ရန် အရေးကြီးပါသည်။ ထို့ကြောင့် ဖတ်ရှုလေ့လာခြင်းသည် စာသားများကိုသာမက လောကကြီး၏ အရှိတရားများကိုပါ နက်ရှိုင်းစွာနားလည်နိုင်သည့်အ ခြေခံလိုအပ်ချက် တစ်ရပ်လည်းဖြစ်သည်။
ကြည့်ရှုလေ့လာခြင်း(Observation and Study)ဆိုသည်မှာ မျက်စိ၊ နား သို့မဟုတ် အခြားအာရုံခံနိုင်သောကိရိယာများဖြင့် အရာဝတ္ထု၊ ဖြစ်စဉ်၊ အပြုအမူ သို့မဟုတ် ပတ်ဝန်းကျင်ကိုစနစ်တကျ သတိပြု၍ မှတ်သားကာ နားလည် သဘောပေါက်အောင် ဆောင်ရွက်ခြင်းဖြစ်သည်။ ၎င်းသည် သိပ္ပံနည်းကျလေ့လာမှု၊ လက်တွေ့ဘဝအတွေ့အကြုံနှင့် ပညာရေးဆိုင်ရာလုပ်ငန်းစဉ် တစ်ခုလည်းဖြစ်သည်။ ကြည့်ရှုလေ့လာခြင်း၏ အဓိကလက္ခဏာများမှာ အာရုံစိုက်မှတ်သားခြင်း၊ အချက်အလက်စုဆောင်းခြင်း၊ ဆန်းစစ်သုံးသပ်ခြင်း၊ ရလဒ်များကို သုံးချခြင်းတို့ဖြစ်သည်။ ကြည့်ရှုလေ့လာခြင်း၏ အရေးပါမှုများမှာ သဘာဝတရားကို လေ့လာခြင်းဖြင့် နည်းပညာ အသစ်ျား တီထွင်နိုင်ခြင်း၊ ဈေးကွက်လိုအပ်ချက်ကို လေ့လာပြီး စီးပွားရေးအစီအမံများ ရေးဆွဲခြင်း၊ အတွေ့အကြုံမှတစ်ဆင့် အမှားအမှန်ကို ဆင်ခြင်တတ်ခြင်းတို့ဖြစ်သည်။ ထို့ကြောင့် ကြည့်ရှုလေ့လာခြင်းသည် လက်တွေ့ဘဝနှင့် သုတေသနလုပ်ငန်းများအတွက် အခြေခံကျသော စွမ်းရည်တစ်ရပ်ဖြစ်သည်။
လူငယ်နှင့် Social Mediaမြန်မာနိုင်ငံတွင် လူငယ်အများစုသည် Facebook၊ TikTok၊ Instagram၊ YouTube စသည့် Social Media ပလက်ဖောင်းများကို အချိန်အကြာကြီး အသုံးပြုလျက်ရှိသည်။ အထူးသဖြင့် စမတ်ဖုန်းများ လွယ်ကူစွာရရှိလာခြင်း၊ အင်တာနက်လိုင်းများ ပိုမိုမြန်ဆန်လာခြင်းတို့ကြောင့် Social Media အသုံးပြုမှုနှုန်းသိသိသာသာမြင့်တက်လာပါသည်။
Social Media ကိုအသုံးပြုခြင်းဖြင့် သတင်းအချက် အလက်နှင့်အသိပညာ ရရှိခြင်း၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ဆက်သွယ်နိုင်ခြင်း၊ အနုပညာ၊ စီးပွားရေးနှင့်ကိုယ်ရေးကိုယ်တာအခွင့်အလမ်းများ ဖန်တီးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သော်လည်း ထိခိုက်မှုများကိုမူ သတိကြီးစွာ ထားရပါမည်။
တစ်နေ့လျှင် ၂-၃ နာရီထက်မပိုစေရန် Screen Time ကို ကန့်သတ်ခြင်း၊ Social Media ကို အလုပ်မစတင်မီ၊ အိပ်ရာမဝင်မီ အချိန်တိုသာသုံး၍ အချိန်စီမံခန့်ခွဲမှု(Time Management)ထားခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များ (ဖုန်းနံပါတ်၊ လိပ်စာ)ကို Public မထားပါဘဲ Privacy & Security ကို အလေးထားခြင်း၊ မိသားစု၊ သူငယ်ချင်းများနှင့်တွေ့ဆုံပြီး အားကစား၊ စာဖတ်ခြင်း၊ အနုပညာလှုပ်ရှားမှုများလုပ်ခြင်း၊ စကားပြောချိန်များများဖန်တီးပြီး Real-Life Interaction ကို ဦးစားပေးခြင်း၊ Social Media အစား ပညာရေး၊ ကျန်းမာရေး၊ Skill Development ဆိုင်ရာ Page/Channel များကို Follow လုပ်ကာ အသိပညာတိုးပွားစေရန် Positive Content များကို ရွေးချယ်ကြည့်ရှုခြင်း၊ Fake News နှင့် အကြမ်းဖက်အကြောင်းအရာများကို Report & Block လုပ်ခြင်းတို့ဖြင့် Social Media ကြောင့် ထိခိုက်မှုများမဖြစ်စေရန် ဆောင်ရွက်သင့်သည်။
လူငယ်နှင့်သိပ္ပံနည်းပညာ ခေတ်သစ်ကမ္ဘာတွင် နည်းပညာသည် လူမှုရေး၊ စီးပွားရေးနှင့် ပညာရေးကဏ္ဍများကို အခြေခံမှပြောင်းလဲနေသည်။ လူငယ်များအနေဖြင့် နည်းပညာကိုအသုံးချ၍ ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ(Multi-Stakeholder Collaboration) မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့်နိုင်သည်။ နည်းပညာခေတ်တွင် လူငယ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် ဒစ်ဂျစ်တယ်နည်းလမ်းများက အရေးပါလာသည်။ လူငယ်များသည် Zoom၊ Slack၊ Trello၊ Microsoft Teams စသည့် Online Colla-boration Tools များကိုအသုံးပြု၍ အုပ်စုလိုက်ဆွေးနွေးခြင်း(Virtual Meetings)၊ လုပ်ငန်းတာဝန်များခွဲဝေခြင်း(Task Management)၊ ပရောဂျက်များကို အချိန်နှင့်တစ်ပြေးညီ စီမံခြင်း(Real-Time Collaboration) စသည့်ဒစ်ဂျစ်တယ် ပလက်ဖောင်းများမှတစ်ဆင့် အဝေးမှပူးပေါင်း အလုပ်လုပ်ခြင်းတို့ကို လွယ်ကူစွာ လုပ်ဆောင်နိုင်သည်။
ဒေတာမျှဝေခြင်း(Cloud Computing & AI)ဖြင့် အချက်အလက်များ လျင်မြန်စွာဆွေးနွေးနိုင်ခြင်းဖြင့် Cloud Storage (Google Drive၊ Dropbox) ဖြင့် ဖိုင်များကို အဖွဲ့ဝင်အားလုံး အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်ခြင်း၊ AI-Based Tools (ChatGPT၊ Notion AI)များဖြင့် အလိုအလျောက် အချက်အလက်စုစည်းခြင်း၊ အစီရင်ခံစာများပြုစုခြင်း စသည့်နည်းပညာသည် အချက်အလက် မျှဝေမှုကို လွယ်ကူမြန်ဆန်စေသည်။ လူငယ်များသည် အွန်လိုင်းပလက်ဖောင်းများကို အသုံးပြု၍ အခမဲ့အွန်လိုင်းသင်တန်းများ(Coursera၊ edX၊ Khan Academy)တက်ရောက်ကာ ကျွမ်းကျင်မှုများ တိုးတက်အောင်လုပ်ခြင်း၊ Facebook Groups၊ LinkedIn၊ Discord စသည့်အသိုင်းအဝိုင်းများတွင် ပညာရပ်ဆိုင်ရာဆွေးနွေးခြင်း၊ Mentorship ရယူခြင်း စသည့်အွန်လိုင်းပညာရေးနှင့်လူမှုအသိုင်းအဝိုင်းများမှ တစ်ဆင့် အသိပညာဖလှယ်ခြင်း တို့ကို ပြုလုပ်နိုင်သည်။
လူငယ်နှင့် Game
မြန်မာနိုင်ငံရှိ လူငယ်အများအပြားသည် အွန်လိုင်း/အော့ဖ်လိုင်းဂိမ်းများကို အချိန်ကြာမြင့်စွာကစားခြင်း၊ စွဲလမ်းခြင်းပြဿနာနှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် Mobile Legends၊ Free Fire၊ PUBG၊ Roblox စသည့် Online Multiplayer Games များကို အလွန်အကျွံကစားခြင်းကြောင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ဂိမ်းကစားချိန်များလွန်းပါက စာကျက်ချိန်နည်းပြီး စာမေးပွဲအမှတ်ကျဆင်းကာ ပညာရေးတွင် နောက်ကျကျန်ရစ်နိုင်သည်။ ဂိမ်းကစားပြီးနောက် စာသင်ခန်းတွင် စိတ်မပါဖြစ်ကာ အာရုံစူးစိုက်မှုလျော့နည်းခြင်း၊ သင်ယူမှုစွမ်းရည်ကျဆင်းခြင်းများဖြစ်တတ်သည်။
မိဘအုပ်ထိန်းသူများ၊ ဆရာများအနေဖြင့် လူငယ်များ အလွန်အကျွံ Game ကစားခြင်းမှ ကာကွယ်ရန်အတွက် ကလေး၏ Screen Time ကို တစ်နေ့ ၂-၃ နာရီထက် မပိုစေရန်ကန့်သတ်ခြင်း၊ အခြားအားကစား/အနုပညာ လှုပ်ရှားမှုများကို အားပေးခြင်း၊ ပညာရေးတွင် အာရုံစူးစိုက်မှုပိုမို ရရှိလာအောင် အချိန်ပေးခြင်းတို့ဆောင်ရွက်သင့်သည်။
လူငယ်နှင့် မူးယစ်ဆေးဝါး လူငယ်လူရွယ်များကို လုံးဝဖျက်ဆီးပစ်နိုင်သည့် တစ်ခုတည်းသောအရာမှာ မူးယစ်ဆေးဝါးပင်ဖြစ်သည်။ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေးအနေဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများနှင့် ကျောင်းပြင်ပစခန်းများတွင် မူးယစ်ဆေးဝါးကင်းစင် နယ်မြေဖြစ်စေရေးအတွက် မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့်လူငယ် စကားဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဘုတ်များ စိုက်ထူခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။
မူးယစ်ဆေးဝါးစကားလုံးသည် အလွန်ကျယ်ပြန့်လှသည်။ ကွမ်းယာစားသုံးခြင်းမှစ၍ အရက်၊ ဆေးလိပ်၊ ဘီယာသောက်သုံးခြင်း၊ စိတ်ငြိမ်ဆေး၊ ဆေးပြား၊ ဘိန်းဖြူ၊ ဘိန်းမည်းများ သုံးစွဲခြင်းအထိ ပါဝင်သည်။ ယနေ့ခေတ်သည် တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လူငယ်များအတွက် အားကစားနှင့်ကစားခုန်စား လှုပ်ရှားမှုများပြုလုပ်ခြင်း၊ အားကစားသင်တန်းများ တက်ရောက်သင်ကြားခြင်း၊ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခြင်း စသောအားလပ်ချိန်အား အကျိုးရှိစွာ အသုံးချမှုများသည် လူငယ်များ၏စိတ်ဓာတ်ဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကိုယ်ကာယကြံ့ခိုင်ဖွံ့ဖြိုးမှုများအတွက်လည်း အရေးကြီးလှသည်။
လူငယ်နှင့်အားကစားအနာဂတ်ကာလတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပခုံးပြောင်းတာဝန်ယူ ဆောင်ရွက်သွားကြရမည့် လူငယ်များအား အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပြုစုပျိုးထောင်နိုင်ရေးအတွက် နိုင်ငံသားများအား အားကစားမှတစ်ဆင့် လူ့အဖွဲ့အစည်းအတွင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန်နှင့် လူမှုဝန်ထမ်း လုပ်ငန်းများကို စိတ်ပါဝင်စားစွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်၍ မျိုးဆက်သစ် လူငယ်လူရွယ်များအား အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ကျန်းမာကြံ့ခိုင်စေရေးအတွက် ကျောင်းပိတ်ရက်များတွင် အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ(အခြေခံနှင့်အဆင့်မြင့်)အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းများဖြင့် အားလပ်ချိန်များတွင် စိတ်လေလွင့်နေမည့်လူငယ်များကို အားကစားဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးနေခြင်းတို့သည် နိုင်ငံတော်ကို အားကစားဖြင့် အကျိုးပြုနေသည့်အချက်တစ်ချက်ဖြစ်ကြောင်း တွေ့ရှိရသည်။
လူငယ်နှင့် ဖွံ့ဖြိုးတိုးတက်ရေး
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအကျဆုံးကိုညွှန်းဆိုရပါလျှင် လူငယ်ကဏ္ဍပင်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် လူငယ်များကို အထူးအလေးထားသောအားဖြင့် လူငယ်များ၏အနာဂတ်ကောင်းများကို ဖန်တီးတည်ဆောက် ပေးလျက်ရှိသည်။ နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြသည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် လူငယ်များပညာသင်ယူခြင်းနှင့်အတူ အားကစားလိုက်စား၍ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ရေး ရည်ရွယ်လျက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနကိုဖွင့်လှစ်ခဲ့သည်။ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ခေတ် လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာ့အခင်းအကျင်းတွင် လူငယ်များသည် အပြောင်းအလဲ၏ အဓိကမောင်းနှင်အားများအဖြစ်ပေါ်ထွက်လာပြီး နိုင်ငံတကာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နည်းပညာနှင့်ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ၏ စွမ်းအားကို အသုံးချနေကြသည်။
၂၀၃၀ ပြည့်နှစ်တွင် လူငယ်လူဦးရေသည် ကမ္ဘာ့လူဦးရေစာရင်း၏ ၅၇ ရာခိုင်နှုန်းအထိ ပါဝင်လာမည်ဟုခန့်မှန်းထားပြီး လူငယ်များအား ဆုံးဖြတ်ချက်ချခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုတွင် အဓိပ္ပာယ်ပြည့်ဝသော အခန်းကဏ္ဍများ ပါရှိသည့်လူငယ်များအား အခွင့်အာဏာပေးရန် အရေးတကြီးလိုအပ်မှုကို အလေးပေးဖော်ပြလျက်ရှိသည်။ ဤလူဦးရေ အပြောင်းအရွှေ့သည် ဘက်စုံမူဝါဒများ၏အကျိုးခံစားခွင့်များသာမက လူငယ်များကို ပုံဖော်ရာတွင် မရှိမဖြစ်မိတ်ဖက်များ အဖြစ်နေရာယူထားသည်။
လူငယ်များနှင့် အောင်မြင်ရေး
လူငယ်များသည် နည်းပညာ၏ အရှိန်အဟုန်ကို အသုံးချ၍ ဘက်စုံပူးပေါင်း ဆောင်ရွက်မှုများကို ဦးဆောင်နိုင်စွမ်းရှိသည်။ ဒစ်ဂျစ်တယ်စွမ်းရည်၊ ဆန်းသစ်တီထွင်မှုနှင့် လူမှုအသိုင်းအဝိုင်းတို့ကို ပေါင်းစပ်ခြင်းဖြင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ဖော်ဆောင်နိုင်သည်။ ပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ်၏သော့ချက်ဖြစ်သည်ဆိုပါက နည်းပညာက ထိုသော့ကို ပိုမိုလွယ်ကူစွာ လှည့်နိုင်စေမည်ဖြစ်သည်။
ထို့ကြောင့် မိဘ၊ ဆရာများအနေဖြင့် လူငယ်များ၏ဘဝကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကို တိုးတက်ကောင်းမွန်လာအောင် စနစ်တကျပြုစုပျိုးထောင်ကြရန် အလွန်အရေးကြီးသလို ယနေ့ခတ်လူငယ်များအနေဖြင့်လည်း မိမိတို့၏စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများကို ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ကြိုးစား ဆောင်ရွက်ကြရန် အရေးကြီးသည်။ သို့မှသာ အနာဂတ်ကိုကောင်းမွန်စွာ ဦးဆောင်နိုင်မည့် လူငယ်လူရွယ် လူကောင်းလူတော်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ရေးသားရင်း ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုရေးသား ဖော်ပြလိုက်ရပါသည်။ ။
MWD