ငွေနှင်းစိုစို လပြာသို

Posted_Date

Image

ငွေနှင်းစိုစို လပြာသို

Body

ပြာသိုလသည် မြန်မာ့တစ်ဆယ့်နှစ်လတွင်   ဆယ်ခုမြောက်လဖြစ်သည်။ ဆောင်းဥတုတွင်ပါဝင်သည်။ ပြာသိုလကို ပုဂံခေတ်ကျောက်စာများတွင် “ပ္လသေီဝ်”။  “ပ္လသိုဝ်”။ “ပ္လါသိုဝ်” ဟူ၍ ရေးသားလေ့ရှိသည်။ ပြာသိုလအကြောင်း ဝေါဟာရလီနတ္ထဒီပနီကျမ်းတွင် သင်္သကရိုက်ဘာသာ၌ မကရဟုခေါ်၍ မြန်မာတို့အခေါ် မကာရရာသီတွင် ဖုသျှနက္ခတ်နှင့်ယှဉ်သော လပြည့်နေ့ကို ပေါပီဟုခေါ်ကြောင်း၊ ထို့နောက် ပေါပီမှ ပေါသီသို့ဆင်းသက်ပြီး  ပေါသီကိုပင် ကာလကြာရှည်သဖြင့် ပြောသီ၊ ထိုမှတစ်ဆင့် ပြာသိုဟုခေါ်ကြကြောင်း ဖော်ပြထားသည်။ ထို့ပြင်လည်း  ပြာသိုလကိုဖယောင်း၊ ပျားဖယောင်း၊ ပျားဖယောင်းစု၍ အရဆုံးသောလ၊ ပျားဖယောင်းလဟူ၍ ဖွင့်ဆိုထားသည်များလည်းရှိသည်။ဗေဒင်အခေါ်အားဖြင့်  ပြာသိုလကို မကာရရာသီဟုခေါ်သည်။  ထိုရာသီတွင် ဖုသျှနက္ခတ်နှင့်လမင်းတို့ယှဉ်ပြိုင်ကာ မွန်းတည့်သည်။ နေမင်းသည်  ဥတ္တရာသာဠ်နက္ခတ်နှင့်ယှဉ်ပြိုင်သည်။ ရာသီရုပ်မှာ မကန်းရုပ်ဖြစ်သည်။ ရာသီပန်းမှာ ခွာညိုပန်းဖြစ်သည်။

ဖိုးသူတော်ဦးမင်းက ပြာသိုလဘွဲ့ကို-“ငွေသော်တာ စန္ဒနှင့်၊ ဖုသျှတဲ့ လမ်းဆုံတိမ်လွှာမှာ ရောင်ဝါကျင်းလို့၊ ထိန်ဝင်းတူပြိုင်ပ၊ မြန်းကြွခိုက်ကြုံ၊ တသိန်ဂုဏ်၊ မြိုင်စုံမြနန်း။ နုစိမ်းစိုစိုနှင့်၊ ပန်းခွာညို ငုံတံထူးတယ်၊ ဖူးပွင့်ချက်ဆန်း။” ဟူ၍ ရေးသားခဲ့လေသည်။

ပုစွန်တာရာထွန်းပသော   ပြာသိုလတွင်  ရှေးမင်းများရှိစဉ်အခါက မြင်းခင်းသဘင်ပွဲခေါ် မြင်းခင်းပွဲတော်ကို ကျင်းပမြဲဖြစ်သည်။ မြင်းခင်းစက်သွင်းသဘင်ပွဲတော် သို့မဟုတ် မြင်းခင်းစက်ထိုးပွဲဟုလည်းခေါ်ကြသည်။

မြင်းခင်းစက်သွင်းသည်ဆိုသည်မှာ မြင်းကိုကျင်လည်စွာ အပြေးစီးရင်းထူထားသော စက်တိုင်တွင်  အဆင့်ဆင့်သောစက်ဝန်းများကိုမှန်အောင် လှံလျင်ပစ်သွင်းသောသဘောပင်ဖြစ်သည်။     မင်းညီမင်းသား၊   မှူးမတ်တို့သည်  မျဉ်းမောက်တို စစ်ဝတ်တန်ဆာများကို  ဆင်ယင်ကာမြင်းကြိုးကစုံပါရှိသော မြင်းကိုစီးလျက် လှံလျင်ကိုပစ်ကြသည်။ လှံလျင်ကို လှံတိုဟုလည်းခေါ်ကြသည်။ လှံလျင်ပစ်လက်တည့်သူသည်   ရှေးမြန်မာစစ်ပွဲများ၌အရေးပါမည့်သူဖြစ်သည်။ ဆင်စီးချင်းထိုးသည်။  မြင်းစီးချင်းထိုးသည်ဆိုရာ၌တစ်ဖက်နှင့်တစ်ဖက်   လှံလျင်လွှတ်၍တိုက်ချင်းမျိုးလည်း       ပါဝင်သည်။အလောင်းမင်းတရား အရေးတော်ပုံကျမ်းတွင် ခင်ဦးစား  ဦးချစ်ညိုနှင့် သေနတ်ဝန်တို့ လှံလျင်လွှတ်၍ မြင်းစီးချင်းတိုက်ကြပုံကိုအောက်ပါအတိုင်းရေးမှတ်ခဲ့လေသည်။

“ငါနှင့် မြင်းစီးချင်းကစားကြမည်။ ယောကျ်ားကောင်းထွက်ခဲ့စေ ငချစ်ညိုဆိုလျှင်၊ မင်းကျော်ဗညားထွက်သည်ကို ငမြတ်ထွန်းငယ်နှင့် ငါတိုက်ဘက်မတန်။ ငါ့လှံသာ သွေးစွန်းတော့မည်ဆိုသဖြင့်၊ မုဆိုးခြုံဗိုလ်မင်းလှမင်းတောင် ထွက်ပြန်သည်ကိုလည်း ငထွန်ငယ် ငါ့လက်စွမ်းကို စဉ့်ကိုင်မှာနေစဉ်ကပင် နင်အသိဖြစ်သည်။ ငါနှင့်ဘက်မတန်ဆိုပြန်၍၊ ယင်းမကန်ဗိုလ်ယင်ပါဗိုလ်တို့ မြင်းနှစ်ဆယ်သား အသီးသီးထွက်ကြသည်ကိုလည်း   မဖက်မပြိုင်လို၊    သေနတ်ဝန်ဆိုသူသာထွက်လာစေဆို၍သေနတ်ဝန်ထွက်ရာတွင်မှ  သည်ခါယောကျ်ားချင်းတွေ့ရတော့မည်၊ ကိုတို့မှာ ပွဲကြည့်၍သာနေ၊ သေနတ်ဝန်နှင့် ငါနှင့်တန်စေ၊ ကြုံးဝါးသံပ၍ မြင်းကိုအကုန်လွှတ်၍ ခြေတစ်ဖက်ထောင်လျက် ရပ်၍စီးသည်။   ပက်လက်အိပ်၍စီးသည်။ထက်ဝယ်ဖွဲ့ခွေလျက်စီးသည်။ မြင်းနံပါး၌   ကပ်လျက်စီးသည်။  လှံကိုလက်ဝဲလက်ယာဘယ်ညာလဲ၍     စီးသည်။သေနတ်ဝန်မူကား လှံမကို ချိန်ဆကာနေသည်။ ငချစ်ညိုလည်း စီးနည်းအထွေထွေပြီးလျှင်   လှံလျင်နှင့်လွှတ်လိုက်သည်။သေနတ်ဝန်၏ လှံရိုးကိုခတ်မိချေ၏။”

သီပေါမင်းလက်ထက် မြင်းခင်းစက်သွင်းပွဲကျင်းပပုံကို ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး တတိယအုပ်၌ ဤသို့တွေ့ရသည်။ “ယင်းသည့် (၁၂၄၀ ပြည့်နှစ်)ပြာသိုလပြည့်ကျော် ၂ ရက်နေ့ ရှေးမင်းတကာတို့လက်ထက်၊ ဗျူဟာသဘင်စီစဉ်ကျင်းပမြဲဖြစ်သော ဆင်၊ မြင်း၊ ရထား၊လေး၊ မြား စသောမင်းမှုဝိဇ္ဇာအတတ်မျိုးတို့၌အကျုံးဝင်သော  ဆင်ခင်းမြင်းခင်းစက်သွင်းသဘင်တော်ကျင်းပရန်ကို ရွှေနန်းတော်အတွင်း မြေနန်းတော် လက်ဝဲဘက်တွင်  အမြင့်တစ်ဆယ့်ငါးတောင်ကစ၍ နှစ်ဆယ်၊နှစ်ဆယ့်ငါးတောင်၊ သုံးဆယ်၊ ငါးဆယ်၊အနောက်ကအရှေ့သို့ အတည့်အတန်းစက်တိုင် ငါးစိုက်ထူပြီးလျှင် မြေနန်းတော်ဦးမင်းတက်သက္ကဒါန်     လှေကားတော်မြောက်စံတော်မူရန် တဲကန္နားဖျင်းတော်ဆောက်လုပ်၊ ပိတ်ဖြူမျက်နှာကြက်၊ ဗိတာန်ကြာယပ်၊ လှဇရွဲကြက်လုပ်၊ ဆွဲဆင့်အသင့်ရှိစေ၍ ပြာသိုလပြည့်ကျော် ၃ ရက်နေ့တိုင် မင်းညီမင်းသား၊ ဝန်ကြီး၊ အတွင်းဝန်၊ ဝင်းတော်မှူး၊ မှူးတော်မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့ သနားတော်မြတ်ခံရသည့် မျဉ်းမောက်တို၊ စစ်ဝတ်တန်ဆာဆင်ယင်ပြီးလျှင် မြင်းကြိုးကစုံများကိုစီးနင်း၍ တစ်ကိုယ်လျှင်  ဆယ်ခေါက်က လှံလျင်ဆယ်စင်းစီကုန်အောင်  ထိုးကြရသည်။ မင်းညီမင်းသားများမှာ မျဉ်းတို၊မျဉ်းရှည်၊ စစ်ဝတ်တန်ဆာအဆင်အယင်နှင့်    ပေါင်းထုပ်ပဝါပေါင်း၍  ထိုးကြရသည်။    ဆဒ္ဒန်ဆင်မင်းသခင်ဘဝရှင်မင်းတရားကြီးဘုရားမှာ       အဖိုးအနဂ္ဃထိုက်တန်သော  ရတနာအပေါင်းတို့ဖြင့်ပြီးသော မျဉ်းမောက်တို စစ်ဝတ်တန်ဆာဆင်ယင်တော်မူပြီးလျှင် အသျှင်မိဖုရားခေါင်ကြီးနှင့်တကွ မင်းမိဖုရား မောင်းမမိဿံခြံရံတော်မူလျက် မြေနန်းတော်အတက် ကန္နားဖျင်းတဲတော်သို့  ထွက်စံကြည့်ရှုတော်မူသည်။ စက်ထိုးသဘင်တော်တွင် စက်စွဲသည့် မင်းညီမင်းသား၊ မှူးတော်မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့မှာ တစ်လက်စွဲလျှင်၊ ငွေပွင့်ထိုး ပန်းပုဝါတစ်၊ သဇင်ပန်းခိုင်တစ်စီ သနားတော်မူသည်။  မင်းညီမင်းသား၊ မှူးတော်မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့ စက်ထိုးသဘင်ပြီးလျှင် ကသည်း အက္ကပတ်မြင်းတပ်ဗိုလ်အရာရှိတို့နှင့် မြင်းအမှုထမ်းတို့ ရှောက်သီးဓားခုတ်၊ လှံထိုး၊ ငှက်ပျောပင်စိုက်၊ ရေအိုးတင်ဓားခုတ်၊ မြင်းအစိုင်းအနှင် အရေးအရာများကို ထိုးခုတ်ပြပြီးနောက်၊ ရွှေနန်းတော်သို့ဝင်တော်မူသည်။

မြင်းခင်းသဘင်      မကျင်းပမီ၌လည်းကောင်း၊ ကျင်းပဆဲ၌လည်းကောင်း၊မြင်းခင်းဆိုင်ရာအတီးအမှုတ်တို့ကို တီးမှုတ်ကြသည်။ သို့ကြောင့်ပင် မြန်မာ့ဂီတလောကတွင် မြင်းခင်းကြိုးသီချင်းများ ထွန်းကားလာခဲ့ခြင်းဖြစ်သည်။ ဆင်ရေး၊ မြင်းရေး၊ သေနတ်ရေး၊ လှံရေး၊ လေးရေး၊ ဓားရေး၊ အခုန်အပြေး စသည်ဖြင့် အမျိုးမျိုးလေ့ကျင့်မြဲ၊ ကျင်းပမြဲဖြစ်သည်ကိုရည်၍ အင်းဝမြို့ဘွဲ့   ဆယ့်နှစ်ရာသီ  လူးတားတွင်ဦးအောင်ကြီးက-

“သာစွလေ၊ ရွက်ပြေမြညို၊ ခါကိုလည်းလင့်၊ ပင်တိုင်းပွင့်၍၊ နှင်းနှင့်မြူငွေ့၊ လပြည့်နေ့ဝယ်၊ ပြိုင်၍ဖုသျှ၊ မဂါရဟု၊ ဆောင်းလရာသီ၊ အညီပေါ်မှန်း၊ ကြိုင်ပျံ့မွှမ်းသည်။ နွယ်ပန်းလှိုင်လို၊ လပြာသိုကား၊မိန်ညိုချပ်ဝတ်၊ လျောက်ပတ်ဆောင်ယောင်၊ မှူးခေါင်မတ်ဖျား၊ မင်းသားမင်းမြေး၊ ဆုံးရေးမှတ်လျက်၊ စွယ်ရှက်ချီပင့်၊ ချွန်းဖွင့်တိုက်လျှင်၊ ဆင်တပ်ပြင်၍၊ ခြေလျင် ခြေချင်း၊ မြင်းလည်း မြင်းလျောက်၊ ထိုးမြှောက် လှံလေး၊ ခုန်ပြေးသန်လျင်၊စိုင်းနှင်ကြွားကြွား၊    ဓားသွားနုတ်ငင်၊ မွမ်းမွမ်းဖြင်မျှ၊ သဘင်မြင်းခင်း၊ စစ်ဆင်ကျင်းသည်၊ စီးနင်းကြော့ လန်းလန်းတည့်လေ။ ” ဟူ၍ စပ်ဆိုထားလေသည်။ ယင်းသို့ မြင်းခင်းသဘင်ဆင်ယင်ကျင်းပရာ၌ လှံရေးကစားရာတွင် ဝတ်ဆင်ရသော အဝတ်တန်ဆာ၊ ကစားသူတို့၏ အမူအရာတို့ကို ဆယ့်နှစ်ရာသီဘွဲ့ “ပြာလဲ့ညက်စင်” ချီရတုတွင်-

“ဝေဝေဆီးနှင်း၊ ချမ်းဘိခြင်းကို၊ မြင်းခင်းထွက်ဆဲ၊ စက်ထိုးပွဲမှာ၊ နွဲးကာ နွဲးကာ၊ရိန္ဒမာပျံ၊စကြာလှံနှင့်၊ ကေဆံမသိမ်း၊ အားယူတိမ်း၍၊ ဖဲစိမ်းဝတ်လုံ၊ ရစ်စီးခြုံလျက်၊ တောင်ပုံ ရာထဲ၊ ချက်တိုင်းစွဲအောင်၊ဖန်လဲမညိုး၊ မောင်းရင်းကိုး၍၊ မထိုးစေရ…” ဟူ၍ ရေးစပ်ထားသည်ကိုတွေ့ရလေသည်။ ပြာသိုလနှင့်စပ်လျဉ်းသောအကြောင်းကို မဟာအတုလမင်းကြီးကလည်း -

“တိမ်ခြေငယ်ရှင်းပါလို့၊ မြူနှင်းငယ်စိုစို၊ လပြာသိုမှာ၊ နွယ်ခွာညိုကြိုင်ကြိုင်နှင့်၊ လှိုင်လှိုင်သင်းတဲ့ လကိုလေး။ ရောင်သိင်္ဂီငယ်၊ ကြယ်ညီဖုသျှ၊ မကာရမို့၊ ရွှေဝဥကင်၊ နန်းရင်ပြင်မှာ၊ လှံလျင်မြင်းခင်း၊ သဘင်ကျင်းလို့၊ ရာမင်းထွက်စံ၊ ဗိုလ်ညီလာခံသောအခါ၊ ဆဒ္ဒန်ပိုင့်ပြောင်မွန်မှာ၊ အောင်တံခွန်တေဇာမြူးလို့၊ ထူးလှတယ်လေး”ဟု၍ စပ်ဆိုခဲ့လေသည်။

ပြာသိုလတွင် နံနက် စက်နာရီ ၆ နာရီ ၃၈ မိနစ်တွင် နေထွက်၍၊ ညနေ စက်နာရီ ၅ နာရီ ၄၁ မိနစ်တွင် နေဝင်လေသည်။ မြန်မာနာရီအားဖြင့် နေ့ ၂၄ နာရီရှိပြီးလျှင်ည ၃၆ နာရီရှိသည်။ ဦးယာက “ရာသီညွန့်လန်း၊ နွယ်ပန်းခွာညို၊ နှင်းစိုချမ်းစိမ့်၊ လွမ်းလိမ့်လေ။ တထွေဆန်းစ၊ မကာရဟု၊ စရရာသီ၊ နာရီနှစ်ခန်း၊ ချင့်မှန်းတိုင်းထွာ၊နေ့မှာ နှစ်ဆယ်၊ စွန်းကယ်ဇယ၊ ညဉ့်သို့ကျသော်၊ ဆနှင့်တြိန်း၊ ကိန်းခန်းသင်္ချာ၊ တသိန်းသာ၍၊ စွန်းပါငါးသောင်း၊ အပေါင်းသည်မျှ၊ ဓာတ်အိမ်ပြလျက်၊ နှင်းကျမှိုင်းရီ၊ ပထဝီဟု၊ ရာသီစရ၊ ပြာသိုလတွင်” ဟူ၍ စပ်ဆိုပြထားသည်ကိုလည်းတွေ့ရသည်။

ငွေနှင်းစိုစို  လပြာသိုသည် ဆီးနှင်းထူထပ်သောကာလ၊ မြန်မာတို့က ဆောင်းရာသီဟုခေါ်ကြသည့်    ချမ်းအေးသောရာသီဖြစ်သည်။ ချမ်းအေးလှကြောင်းကို “ပြာသိုမာသ၊ မကာရတွင်၊ ပွင့်ကြကြိုင်သင်း၊ မြောက်လေသွင်း၍၊ ရင်တွင်းချမ်းစိမ့်၊ လှမျိုးငြိမ့်ကို၊ နှစ်သိမ့်စရာ၊ ကြင်တော်ကွာသား၊ ခွေကာစုရုံး၊ မဉ္ဇူအုံးမှာ၊ မပြုံးညှိုးငယ်၊ သနားဘွယ်နှင့်” ဟူ၍ စာဆိုဦးယာက    မြောက်လေအသွင်းဝယ်ကြင်ဖော်ဝေးသူတို့    ရင်တွင်းချမ်းစိမ့်လာကြပုံကိုဖော်ပြခဲ့သည်။ စာဆိုနဝဒေးကြီးကလည်း   “နတ်ပန်းခွံမြ၊ ပေါ်သည့်လဝယ်၊  တရာ့တဆောင်း၊ရုံးလာပေါင်းလည်း၊  တူကြောင်းမရှိ၊ချမ်းလှဘိ” ဟု စပ်ဆိုပြထားပြန်သည်။ဆောင်းပေါင်း တရာ့တဆောင်းပေါင်းထားသည့်  ချမ်းအေးမှုကို  နဝဒေးကြီးတို့လက်ထက်တွင် ခံစားခဲ့ရပုံဖြစ်ပါလိမ့်မည်။

ချမ်းအေးသောရာသီဝယ် မိုးကရွာတတ်သည်။ မိုးလင်္ကာ၌ “ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံဖျက်”ဟုဆိုကြသည်။ အေးသောပြာသိုလဝယ်  ရွာသောမိုးကြောင့် အချမ်းပြင်းသည်ဟု ဆိုခြင်းဖြစ်သည်။ ထိုကာလရွာသောမိုးကြောင့် နှမ်းနုတ်၍ ပုံထားသော  နှမ်းပုံကြီးရှိ နှမ်းများလည်း ပျက်စီးကုန်ကြသည်။ ဤသည်မှာ အဖြူနှင့်အမည်း၊ ဓမ္မနှင့်အဓမ္မတို့ယှဉ်တွဲဖြစ်တည်တတ်ကြသည့် လောကသဘာဝပင်ဖြစ်သည်။ ပြာသိုလသည်လောကသဘာဝနှင့်လျော်ညီလှပသည်။ရိုးရာဓလေ့မပျက် လှမြဲလှလျက်ရှိသည့်  ပြာသိုလသည်   ယဉ်ကျေးမှုနယ်ပယ်တွင်ဝင့်ထည်နေမြဲသာဖြစ်ပါတော့သတည်း။    ။

Source: Myawady Webportal