ဆလုံလူမျိုးတို့၏ ဓလေ့
Posted_Date
Image
Body
ပင်လယ်ပျော်လူမျိုးများဟု တင်စားခေါ်ဆိုသည့် ဆလုံများကို မော်ကင်းဟုလည်းခေါ်ကြသည်။ ဆလုံများကိုဒေသခံများက မော်ကယ်ဟုခေါ်၍ မြန်မာတို့က ဆလုံဟု ခေါ်ဆိုသည်။ လှေများပေါ်တွင်အိမ်ကဲ့သို့ နေထိုင်ကာ ပင်လယ်အတွင်း၌ သားငါး၊ပုစွန်နှင့်ပုလဲရှာဖွေကာ အသက်မွေးသည့် ဆလုံလူမျိုးများကို မြန်မာနိုင်ငံ မြိတ်ကျွန်းစုဒေသတွင် အများဆုံးတွေ့ရသည်။
ဆလုံများသည် နေရာတစ်ခုတွင် အတည်တကျနေထိုင်ခြင်းမရှိဘဲ ပင်လယ်ပြင်၌ လှည့်လည်သွားလာကြကာ ရေကူးရေငုပ်ကျွမ်းကျင်သောကြောင့် Sea Gypsy ဟု ခေါ်ဆိုကြသည်။ ဆလုံများသည် လှေတွင် အသုံးအဆောင်များ၊ အစာရေစာများနှင့် ခွေး၊ကြောင်၊ ကြက်စသည့် အိမ်မွေးတိရစ္ဆာန်များကို တင်ဆောင် သွားလာကြသဖြင့် ဆလုံသစ်ထွင်းလှေသည် ဆလုံအိမ်ပင်ဖြစ်သည်။
ဆလုံများသည် မိမိတို့လှေကို ပေါ့ပါးသည့် သစ်လုံးကိုထွင်းကာပြုလုပ်ကြပြီး ပင်လယ်ပြင်တွင် ရာသီဥတုဆိုးရွားချိန်၌ နီးစပ်ရာကျွန်းတစ်ခုခုတွင် ခြေတံရှည်ဝါးတဲများဆောက်၍ နားခိုနေထိုင်ကြသည်။ ရှေးအခါက ဆလုံလူမျိုးများသည် လှေပေါ်တွင်သာ နေထိုင်ကြသော်လည်း ယခုအခါတွင် ဆလုံ အများစုသည် ကော့သောင်းမြို့နယ်အတွင်းရှိ ကျွန်းအချို့အပါအဝင် ကျွန်းများပေါ်တွင် အခြေချ နေထိုင်ကြသည်။ ၂၀၁၃ ခုနှစ်တွင် ဆလုံယဉ်ကျေးမှုပွဲတော်ကို ကော့သောင်းမြို့နယ် မကြုံဂလက် ကျေးရွာ၌ကျင်းပခဲ့သည်။
ဆလုံလူမျိုးများသည် အခြားလူမျိုးများနှင့်ရောနှောနေထိုင်ခြင်းမရှိဘဲ မိမိတို့၏လူနေမှုစနစ်ကို ထိန်းသိမ်းကာ နတ်ကိုကိုးကွယ်ကြသည်။ ဆလုံလူမှုအသိုက်အဝန်းတွင် နတ်ဆရာသည် အလွန်အရေးပါ သောပုဂ္ဂိုလ်ဖြစ်၍ သာရေးနာရေးကိစ္စများကို နတ်ဆရာစီစဉ်သည့်အတိုင်း ပြုလုပ်လေ့ရှိကြသည်။
မြန်မာနိုင်ငံတောင်ဘက်စွန်းတွင်တည်ရှိသည့် ကော့သောင်းမြို့နယ်မြောက်ဘက် ပင်လယ်ကမ်းစပ်တွင် အောင်ဘာကျေးရွာရှိသည်။ အောင်ဘာရွာ၏တောင်ဘက်တွင် အောင်မြန်မာရွာတည်ရှိ၍ အောင်ဘာ ကျေးရွာ၏ အရှေ့မြောက်ဘက်တွင် မကြုံဂလက်ကျွန်းနှင့် အရှေ့တောင်ဘက်တွင် ညောင်ဝိကျွန်း ရှိသည်။ ထိုကျွန်းနှစ်ကျွန်းသည် ဘင်္ဂလားပင်လယ်အော်အတွင်း၌ တည်ရှိကာကျွန်းများပေါ်၌ ဆလုံ လူမျိုးများနေထိုင်ကြသည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ ကော့သောင်းမြို့နယ်တွင် ဆလုံလူမျိုး ၁၂၈၀၆ ဦး နေထိုင်လျက်ရှိရာ မြို့နယ်လူဦးရေ၏ ၉ ဒသမ ၈၇ ရာခိုင်နှုန်းဖြစ်သည်။
ကော့သောင်းမြို့နယ်တွင် ကျွန်း ၉၃ ကျွန်းရှိသည့်အနက် ရတနာကျွန်း၊ သူဌေးကျွန်း၊ ဇာဒက်ကြီးကျွန်း၊ဂျလန်းကျွန်း၊ မကြုံဂလက်ကျွန်း၊ ဆလုံကျွန်းနှင့် မွေတော်ကျွန်းအပါအဝင် ကျွန်း ၂၀ တွင်လူများနေထိုင်ကြသည်။ မကြုံဂလက်သည် လန်ပိအမျိုးသားအဏ္ဏဝါကျွန်းစုတွင်ပါဝင်၍ ဆလုံလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။
မကြုံဂလက်ရွာတွင် အိမ်ခြေ ၁၇၀ ကျော်ရှိ၍ ကျေးရွာလူဦးရေ ၆၀၀ ဝန်းကျင်တွင် ဆလုံလူမျိုးများက ၂၅၀ ရှိသည်။ ကျေးရွာလူဦးရေ၏ ၂၀ ရာခိုင်နှုန်းသည် ဆလုံစကားကို ပြောဆိုကြသည်။ မကြုံဂလက်ကျေးရွာတွင် ဆလုံသင်္ချိုင်းကို သီးသန့်ထားရှိကာဆလုံများကွယ်လွန်လျှင် ဆလုံသင်္ချိုင်း၌သာ သီးသန့် မြှုပ်နှံကြသည်။
ဆလုံများတွင် ကိုယ်ပိုင်ယဉ်ကျေးမှုရှိကာ မိမိတို့ရိုးရာ ဝတ်စုံ၊ အစားအသောက်၊ ဘာသာစကားနှင့် ထုံးတမ်းဓလေ့များကို အစဉ်အဆက် ထိန်းသိမ်းခဲ့ကြသည်။ ဆလုံယဉ်ကျေးမှုများအနက် ထိမ်းမြား လက်ထပ်သည့်ထုံးတမ်းသည် စိတ်ဝင်စားဖွယ်ဖြစ်သည်။
ဆလုံများသည် အသက် ၁၈ နှစ်ဝန်းကျင်တွင်အိမ်ထောင်ပြုလေ့ရှိသည်။ ဆလုံလူငယ်တစ်ဦးသည် အိမ်ထောင်ပြုချိန်တွင် မိမိနှစ်သက်မြတ်နိုးသည့် မိန်းကလေးကို သူ၏ မိဘများထံတွင် သွားရောက် တောင်းရမ်းရသည်။ ဆလုံလူငယ်သည် မိမိ၏ မိဘများနှင့်အတူ အမျိုးသမီး၏ မိဘနှစ်ပါးထံသို့ သွားရသည်။ မိန်းကလေးမိဘများက ဆလုံအကြီးအကဲ ရှေ့မှောက်တွင် လက်ခံတွေ့ဆုံသည်။ မိန်းကလေးဘက်ကလက်ခံလျှင် မင်္ဂလာရက်ကို သတ်မှတ်သည်။
ဆလုံမင်္ဂလာပွဲတွင် ဧည့်ခံကျွေးမွေးသည့် ဟင်းလျာသည် ငါးကင်၊ လင်းနို့ကြော်၊ လင်းဆွဲကြော်၊ ကြက်ကောင်လုံးပြုတ်၊ ကြက်ကောင်လုံးကင်တို့ဖြစ်၍တစ်ခါတစ်ရံတွင် မျောက်သားကြော်၊ ပျားရည်နှင့် အရက်ကို ထည့်သွင်းဧည့်ခံသည်။
ဆလုံတို့၏ ထုံးတမ်းအရ လက်ထပ်မင်္ဂလာပွဲကို နတ်ဆရာက ဦးဆောင်ကာ ပင်လယ်ကမ်းစပ် သဲသောင်ပြင်တစ်နေရာ၌ ပြုလုပ်သည်။ မင်္ဂလာပွဲတွင်နတ်ဆရာက ဆလုံရိုးရာပလွေကို မှုတ်ပြီး နောက် လက်နှစ်ဖက်ကို ခေါင်းပေါ်သို့မြှောက်လျက် ရိုးရာနတ်ကိုပင့်ဖိတ်သည်။ ထို့နောက် နတ်ဆရာက သတို့သားနှင့် သတို့သမီး လက်ဖဝါးနှစ်ဖက်ကိုကိုင်ပြီး သူ၏ လက်ဝါးနှစ်ဖက်ကို သတို့သားနှင့် သတို့သမီးတို့၏ လက်များပေါ်တွင်အုပ်ထားကာ မင်္ဂလာမောင်နှံကို ရာသက်ပန်စောင့်ရှောက်ရန် ရိုးရာနတ်အား တိုင်တည်ဆုတောင်းခြင်းသည်ပင် ဆလုံမင်္ဂလာပွဲအခမ်းအနားဖြစ်ပေသည်။ သတို့သားနှင့် သတို့သမီးက မိမိတို့ လက်နှစ်ဖက်စီကိုမြှောက်လျက် ရာသက်ပန် ရိုးမြေကျပေါင်းသင်းပါမည်ဟု တိုင်တည်ကြရသည်။
ဆလုံရိုးရာ မင်္ဂလာပွဲတွင် နတ်ဆရာသည် နတ်ကိုတိုင်တည် ပူဇော်ပြီးနောက် တုန်ယင်လာပြီး အရက် သောက်၍ ငါးကင်၊ ကြက်ကောင်လုံးကင်၊ အစားအသောက်များကိုစားသည်။ ဆလုံများက ထိုအချိန်တွင်နတ်ဆရာကို နတ်ဝင်နေသည်ဟု ယုံကြည်ကြသည်။ ထို့နောက် နတ်ဆရာကကလျှင် ပရိသတ်ကလည်း လိုက်ကကြရသည်။ နတ်ဆရာနတ်ဝင်ချိန်သည် နာရီဝက်ခန့်သာ ကြာမြင့်၍ ဆလုံမင်္ဂလာဆောင်ပွဲသည် တစ်နာရီဝန်းကျင်သာကြာမြင့်ပြီး ပရိသတ်များက ကျွေးမွေးဧည့်ခံသည့် အစားအသောက်များကို စားသုံးကာမင်္ဂလာပွဲကို အဆုံးသတ်လိုက်သည်။
ဆလုံများက မင်္ဂလာပွဲတွင် ရိုးရာနတ်ကို ပူဇော်ပသပြီးမှသာ လင်မယားအရာမြောက်သည်ဟု ယုံကြည်ကြသည်။
မင်္ဂလာပွဲပြီးလျှင် မိဘများက မင်္ဂလာမောင်နှံကို ရိုးရာလှေတစ်စင်း၊ ငါးဖမ်းပိုက်တစ်စုံနှင့် ငါးဖမ်း ကိရိယာအချို့ကို လက်ဖွဲ့ခြင်းသည် ဇနီးမောင်နှံနှစ်ယောက်ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်ကြရန်ဖြစ်သည်။ ဇနီးမောင်နှံနှစ်ဦးသည် အဝေးသို့သွားရန်မလိုဘဲ ဆလုံရွာ၌ပင်နေထိုင်ကြရသည်။ ဤသို့ဖြင့် ဆလုံလူနေမှုအသိုက်အဝန်းသည် မိမိတို့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းလျက် ရှင်သန်ကြီးထွားလာခဲ့ကြပေသည်။ ။
Source- Myawady Webportal