ဂုဏ်ယူမြတ်နိုးတန်ဖိုးထားအပ်သော မြန်မာ့ရိုးရာသနပ်ခါး
Posted_Date
Image

Body
သနပ်ခါးကို မြန်မာအမျိုးသမီးများနှစ်သက်စွာလိမ်းကြသည်။ သနပ်ခါးမလိမ်းသည့်မြန်မာအမျိုးသမီးမှာ နည်းပါးလှသည်။ မြန်မာအမျိုးသမီးများအနေဖြင့် လူကြီး၊ လူငယ်၊ လူလတ်မကျန် သနပ်ခါးလိမ်းကြသည်။ မြန်မာအမျိုးသမီးအများစုကိုကြည့်လိုက်ပါက သနပ်ခါးလိမ်းထားသည်ကိုတွေ့ရသည်။ အထူးသဖြင့် ကျေးလက်နေအမျိုးသမီးအများစုမှာ သနပ်ခါးလိမ်းကြသည်ကို ပိုတွေ့ရသည်။ထို့ပြင် မြန်မာ့သနပ်ခါးကို တစ်ခါတစ်ရံအမျိုးသားများပါ နှစ်သက်စွာလိမ်းကြသည်ကိုလည်း တွေ့ရသည်။
“ဆောင်းမှာနွေး၊ နွေမှာအေး”ဆိုသည့်ဆိုစကားအရ ဆောင်းတွင်းရာသီမှာသနပ်ခါးလိမ်းထားလျှင် အနွေးဓာတ်ကိုရရှိပြီး နွေရာသီမှာ သနပ်ခါးလိမ်းပါက အအေးဓာတ်ကိုရရှိသည်ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ပူပြင်းလှသောနွေရာသီတွင် အမျိုးသမီးများအပြင် အမျိုးသားများပါ သနပ်ခါးလိမ်းကြခြင်းဖြစ်သည်။ ထို့ကြောင့် သနပ်ခါးသည် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုတစ်မျိုးဟုပင်ဆိုရပေမည်။ အကြောင်းမှာ မြန်မာလူမျိုးတို့သည် သနပ်ခါးကို ရှေးနှစ်ပေါင်းများစွာကတည်းက ယခုအချိန်အထိ စွဲစွဲမြဲမြဲလိမ်းခဲ့ကြသောကြောင့်ဖြစ်သည်။
သနပ်ခါး၏အဓိပ္ပာယ်၊ သနပ်ခါးသမိုင်းနှင့်သနပ်ခါးရာဇဝင်
သနပ်ခါးသည် စွဲလမ်းနှစ်ခြိုက်ဖွယ်ကောင်းလှသည်။ ထို့ကြောင့် ရှေးကတည်းက ဘိုးစဉ်ဘောင်ဆက် နှစ်သက်စွာအသုံးပြုခဲ့ကြသည်။ မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုသည် အေဒီ ၅ ရာစုမှ အေဒီ၉ ရာစုအတွင်း ထွန်းကားခဲ့သည်ဟုယူဆကြသည်။ သနပ်ခါးလိမ်းသည့်ဓလေ့ကိုမူ လွန်ခဲ့သည့်နှစ်ပေါင်း ၂၄၀၀ ကျော်ခန့်က စတင်ခဲ့သည်ဟုဆိုသည်။ တချို့ကလည်းလွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ဟုဆိုကြသည်။ မည်သို့ဆိုစေကာမူ မြန်မာတို့သနပ်ခါးလိမ်းသည့်ဓလေ့သည် နှစ်ပေါင်းများစွာကြာမြင့်ခဲ့သည်ကိုတော့ ငြင်းမရပေ။ သရေခေတ္တရာခေတ် ဗိဿနိုးမိဖုရားတို့ခေတ်တွင် သနပ်ခါးလိမ်းခြင်းကို သဲသဲမဲမဲ စွဲစွဲလမ်းလမ်းကြီးဖြစ်လာခဲ့သည်ဟုပညာရှင်များက ယူဆကြောင်း သိရသည်။သနပ်ခါးနှင့်ပတ်သက်ပြီး ပုဂံရှိနဂါးရုံဘုရားနှင့်အပယ်ရတနာဘုရားရှိ နံရံဆေးရေးပန်းချီကားများတွင် သနပ်ခါးနှင့်ယှဉ်တွဲအသုံးပြုလေ့ရှိသော ကျောက်ပျဉ်နှင့်အလှဆင်နေသည့်မိန်းမပျိုပုံများကိုတွေ့ရသောကြောင့် ပုဂံခေတ်မှာလည်းမြန်မာမိန်းမပျိုတို့သနပ်ခါးလိမ်းကြောင်းသိနိုင်သည်။
သနပ်ခါးရာဇဝင်ကို ပြောမည်ဆိုပါကပခန်းသားတို့၏ ပါးစပ်ရာဇဝင်ကိုသာဖော်ပြရပေလိမ့်မည်။ အလောင်းစည်သူမင်းကြီးသည် ဖောင်စကြာဖြင့် တိုင်းခန်းလှည့်လည်စဉ်အခါက ပခုက္ကူခရိုင်ပခန်းကြီးမြို့အနောက်ဘက် ၂ မိုင်ခန့်ကရှင်မတောင်အနီးရှိ တောင်နီတောင်အနီးသို့ရောက်သောအခါ မိဖုရားကြီးအသုံးပြုလေ့ရှိသော သနပ်ခါးအစ်(အလွန်မွှေးကြိုင်သော သနပ်ခါးအရည်ထည့်ထားသောကွမ်းအစ်)သည် တိမ်းမှောက်သွားသဖြင့် အဆိုပါတောင်နီတောင်ဒေသတစ်ဝိုက်တွင် ပေါက်ရောက်သောသနပ်ခါးသည် အခြားသောဒေသထွက်သနပ်ခါးများထက်ပိုမွှေးသည်ဟု အယူရှိကြသည်။ ဤကားပခန်းသားတို့၏ ပါးစပ်ရာဇဝင်ပင်ဖြစ်သည်။ ထို့ပြင် ဘုရင့်နောင်မင်းတရားကြီး၏ သမီးတော်ဓာတုကလျာမင်းသမီးအမည်ပါသော ကျောက်ပျဉ်ကို ပဲခူးရွှေမော်ဓောဘုရား၌တွေ့ရသည်ဟုလည်း မှတ်သားရသည်။ထို့ကြောင့် ဘုရင့်နောင်မင်းတရားကြီးသည် တောင်ငူခေတ်မင်းတစ်ပါးဖြစ်သဖြင့်သနပ်ခါးကို တောင်ငူခေတ်မှာလည်းလိမ်းကြောင်းသိနိုင်သည်။ ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်တွင် ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အပိုင် ဧရာဝတီမြစ်အနောက်ဘက် သီဟတောဘုရား၏တောင်ဘက် ၂ မိုင်ခန့်ရှိ ကပွတ်ရွာဆိုလျှင် ရှေးကနန်းတော်သုံး တော်ဝင်သနပ်ခါးထွက်ရှိကြောင်းသိရသည်။
မြန်မာ့ရိုးရာသနပ်ခါးအဓိပ္ပာယ်
သနပ်ခါးဟူသောစကားတွင် “သနပ်ခါ”ဟူသောစကားမှဆင်းသက်လာပြီး“သနနှင့်ခါ”ဟူသောစကားကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ “သန”ဟူသည် “မသန့်မရှင်းဖြစ်သည်၊ ယုတ်ညံ့သွားသည်”ဟုအဓိပ္ပာယ်ရသည်။ “ခါ”ဟူသည်စွန့်ထုတ်ခြင်းဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် “သနပ်ခါ”ဟူသည် မကောင်းသောအညစ်အကြေးများနှင့်ယုတ်ညံ့စေသောအရာများကို ဖယ်ထုတ်သည်။စွန့်ထုတ်သည်။ ခါထုတ်ပစ်သည်ဟူသောအဓိပ္ပာယ် ကောက်ယူရပေလိမ့်မည်။မြန်မာ့ယဉ်ကျေးမှုဖြစ်သောရိုးရာသနပ်ခါးသည် မြန်မာလူမျိုးတို့၏အယူအဆအရသန့်ရှင်းခြင်းသဘောကို ဆောင်သည်။ အမှန်စင်စစ်လည်း မြန်မာ့သနပ်ခါးကိုလိမ်းခြယ်ထားသူများကို ကြည့်ပါကသန့်ရှင်းနေသည်ကို တွေ့ရပေလိမ့်မည်။
ဆေးကျမ်းလာမြန်မာ့နံ့သာအမျိုးမျိုး
မြန်မာလူမျိုးတို့ အသုံးပြုလေ့ရှိသောနံ့သာများရှိသည်။ အဆိုပါနံ့သာများကိုဆေးဖက်မှာလည်း အသုံးပြုကြသလိုလူတို့၏အလှအပရေးရာအတွက်လည်းအသုံးပြုကြသည်။ သနပ်ခါးကို အင်္ဂလိပ်အမည်ဖြင့် Chinese Box Tree ဟုခေါ်ပြီး သိပ္ပံအမည်မှာ Naringi Crenulata ဖြစ်သည်။ မျိုးရင်းက Rutaceae ဖြစ်ပြီး မျိုးစိတ်မှာ Acidissma ဖြစ်သည်။ကျောက်ပျဉ်ပေါ်တင်သွေးရသောနံ့သာအမျိုးမျိုးရှိသည်။ မာဂဓအဘိဓာန်ကျမ်း၌ လေးမျိုးရှိပြီး ယင်းတို့မှာ(၁)ကုင်္ကုမံ၊ (၂)လေးညှင်း၊ (၃)ကက္ကုကမျဉ်း၊ (၄)တောင်ဇလပ်တို့ဖြစ်သည်။ ဗိန္ဓောဆေးကျမ်းလာ နံ့သာငါးမျိုးရှိသည်။ ယင်းတို့မှာ (၁)နံ့သာဖြူ၊ (၂)နံ့သာနီ၊ (၃)ကရမက်၊ (၄)အကျော်၊ (၅)စမ္ပာတို့ဖြစ်သည်။ ထို့ပြင် သာရတ္ထသင်္ဂဟကျမ်းမှာမူနံ့သာ ၁၀ မျိုးရှိကြောင်း ဖော်ပြထားသည်ဟုသိရသည်။ ထိုနံ့သာ ၁၀ မျိုးမှာ(၁)အမြစ်နံ့သာ၊ (၂)အနှစ်နံ့သာ၊ (၃)အကာနံ့သာ၊ (၄)အခေါက်နံ့သာ၊ (၅)အလွှာနံ့သာ၊ (၆)အရည်နံ့သာ၊ (၇)အရွက်နံ့သာ၊(၈)အပွင့်နံ့သာ၊ (၉)အသီးနံ့သာ၊ (၁၀)အလုံးစုံအနံ့နှင့်ပြည့်စုံသော ပင်စည်နံ့သာတို့ဖြစ်သည်။ မြန်မာ့သနပ်ခါးသည် သာရတ္ထသင်္ဂဟကျမ်းလာနံ့သာ ၁၀ မျိုးအနက် အခေါက်နံ့သာ၊ အမြစ်နံ့သာ၊ အလွှာနံ့သာသုံးမျိုးတွင် အကျုံးဝင်သည်။
စာပေထဲက မြန်မာ့သနပ်ခါး
မြန်မာ့သနပ်ခါးကို ကမ္ဘာကပင် သိကြသည်။ မြန်မာ့သနပ်ခါးသည် ကမ္ဘာကျော်သည်။ ကမ္ဘာကျော်သလို ရှေးစာဆိုများက အမြတ်တနိုးပင်စာဖွဲ့ခဲ့ကြသည်။ထို့ကြောင့် သနပ်ခါးသည် မြန်မာလူမျိုးတို့၏ကြီးမားသော အစွဲအလမ်းတစ်ခုဖြစ်သလို အလေးထားအသုံးပြုသောနံ့သာတစ်မျိုးလည်းဖြစ်ကြောင်း သိနိုင်သည်။ မြန်မာ့သနပ်ခါးကို ခေတ်အဆက်ဆက် ကဗျာစာဆိုတို့က ကဗျာစာပေဖြင့် မှတ်တမ်းတင်ခဲ့ကြသည်။ သက္ကရာဇ် ၇၄၅ ခုနှစ် ရာဇဓိရာဇ်မင်းသားသည်မင်းသားဘဝနှင့် ဒဂုံသို့ချီတက်ရာတွင်ကြင်သူသက်ထားထံသို့ရေးပို့ခဲ့သောသုံးထောင့်အိုင်ချင်းတစ်ပုဒ်တွင် “သနပ်ခါးကျောက်ပျဉ်ပေါ်တွင် သောက်တော်ရေနှင့်ရောသွေးပါလျှင် နံ့သာပေါ်ကျဲတတ်တယ်”ဟုလည်းကောင်း၊ ရှေးခေတ်ဆန်ဖွပ်တေးတစ်ပုဒ်တွင် “ရွှေနံ့သာခေါက်ကိုလ၊ ကျောက်ပျဉ်မှာ အသာတင်၊ ခန်းခွင်မှာသွေး၊ လိမ်းမယ်လို့ကြံ၊ မှန်ယူခဲ့ဆံတိုလေးရယ်၊ ပိန်းရိုက်စို့လေး”ဟုလည်းကောင်း၊ တောဓလေ့တေးတစ်ပုဒ်မှာလည်း “သနပ်ခါးငယ် တစ်ကွက်၊ ရွှံ့တစ်စက်ကယ်နှင့်တွဲလျက်ကယ်တူညီ၊ စိုက်လယ်ကွင်းဆီက သီချင်းသံပြိုင်ဆိုတော့”ဟုလည်းကောင်း ရေးဖွဲ့ထားသည်မှာ သနပ်ခါးပါးကွက်ကြားနှင့်ကောက်စိုက်သူလုံမလေးတို့၏ ဟန်နှင့်သီချင်းသံကိုကြားယောင်မြင်ယောင်လာစေသည်။ ထို့ပြင် သက္ကရာဇ် ၈၅၅ ခုနှစ်အင်းဝခေတ်ဒုတိယမင်းခေါင်လက်ထက်တွင် ရှင်မဟာရဋ္ဌသာရရေးစပ်ခဲ့သောဘူရိဒတ်ဇာတ်ပေါင်းပျို့တွင် “ဤစာသာရ၊ဂေါသီတကို၊ နားဝနှစ်ဖက်၊ မြကျောက်ထက်၌၊ ဉာဏ်လက်ကိုင်လေး၊ ဖြည်းဖြည်းသွေး၍၊ နံ့မွှေးတစ်သုန် လိမ်းလင့်ကုန်”ရေးဖွဲ့ထားခဲ့သည်။ စာဆိုတော်ဦးကြီးကလည်း သူ၏ကဗျာတစ်ပုဒ်တွင်“ညဉ့်ချမ်းရယ်နေရီ၊ ချိန်တော်မီ၊ ကေသီပန်းနှင့်ရေခပ်လမ်းမှာ စခန်းသင့်လို့၊ ထက်ဆင့်နီရောင်ချည်စိမ်းပေါင်နှင့် ယဉ်အောင်တောသူ၊ သနပ်ခါးကွက်ပါးမှာကူလို့”ဟုလည်းကောင်း၊ ခါတစ်ခေါက်ရွာရောက်ငယ်လှမ်းခဲ့ပ အသချီထားသောကဗျာတစ်ပုဒ်တွင် “တစ်ဖက်ကယ်မှောင်ကာ၊ တခြမ်းတာမှာ၊ နံ့သာလိမ်းကွက်၊လရောင်ပြက်မှာ”ဟုလည်းကောင်း ရေးဖွဲ့ထားသည်။ ထို့ပြင် အမည်မသိစာဆိုတစ်ဦးရေးဖွဲ့ခဲ့သော ရွှေမနသူတမ်းချင်းတွင် “သနပ်ခါးကွက် ပါးမှာကူ၊ ရွှေမိုင်းသူတော့်၊ ကျုပ်အလှဆုံး”ဟုလည်းကောင်း ရေးဖွဲ့ထားသည့် သနပ်ခါးကဗျာများကိုတွေ့ရသည်။ နန်းတော်ရှေ့ဆရာတင်ကလည်း “ရွှေဘိုသနပ်ခါးလိမ်းကြရင်ဖြင့် စိမ်းစိမ်းညက်ညက်ဖြူ”ဟု သီချင်းတစ်ပုဒ်ရေးထုတ်ခဲ့သည်။
မြန်မာ့ရိုးရာသနပ်ခါးပွဲတော်များ
မြန်မာလူမျိုးတို့သနပ်ခါးကို မည်မျှကြိုက်နှစ်သက်လည်းဆိုလျှင် မြန်မာနိုင်ငံနေရာအနှံ့တွင် သနပ်ခါးပွဲတော်များကျင်းပကြခြင်းကို ကြည့်ခြင်းအားဖြင့်သိနိုင်သည်။ အချမ်းအအေးလွန်ကဲသောတပို့တွဲလရာသီမျိုးတွင် မြန်မာ့သနပ်ခါးနှင့်နံ့သာများကိုရောနှောမီးရှို့၍ မြတ်စွာဘုရားရှင်အား မီးပုံပွဲအလှူကို ကျင်းပလှူဒါန်းကြသည်။ ထို့ပြင် ရခိုင်တိုင်းရင်းသားတို့သည် ရခိုင်ရိုးရာဓလေ့တစ်ခုအနေဖြင့် သင်္ကြန်အကြိုနေ့မတိုင်မီလူကြီးလူငယ်၊ အမျိုးသမီး၊ အမျိုးသားမကျန်နံ့သာဖြူ၊ သနပ်ခါး စသည်တို့နှင့်ကျောက်ပျဉ်ကိုယူဆောင်ပြီး စုပေါင်းကာ အတီးအမှုတ်များဖြင့် နံ့သာသွေးပွဲကိုကျင်းပလေ့ရှိကြသည်။ ယောနယ်ဘက်မှာလည်း သီတင်းကျွတ်လပြည့်နေ့တွင်လူပျို၊ အပျိုတို့သည် သနပ်ခါးပွဲတော်ကိုပျော်ပွဲရွှင်ပွဲတစ်ခုအဖြစ် ကျင်းပလေ့ရှိကြောင်းသိရသည်။ စာရေးသူတို့မြန်မာနိုင်ငံမှာ ဆယ့်နှစ်လရာသီအလိုက် သနပ်ခါးပွဲတော်များရှိသည်။ မင်းဘူးရွှေစက်တော်ဘုရားပွဲတွင် တပို့တွဲလမှတန်ခူးလအထိလည်းကောင်း၊ စလင်းမြို့ရှိ ရွှေပြည်အေးဘုရားပွဲတွင် ကဆုန်လ၌လည်းကောင်း၊ပခုက္ကူသီဟိုဠ်ရှင်ဘုရားပွဲတွင် နယုန်လ၌လည်းကောင်း၊ ဝါခေါင်လတွင် မြင်းမူမြို့ရှိ ရှင်စောလူးဘုရားပွဲ၌လည်းကောင်း၊တော်သလင်းလတွင် တံတားဦးမြို့နယ်ငါန်းဇွန်ဘုရားပွဲ၌လည်းကောင်း၊ သီတင်းကျွတ်လတွင် မကွေးမြသလွန်စေတီ၌လည်းကောင်း၊ တန်ဆောင်မုန်းလတွင်ရွှေစည်းခုံဘုရားပွဲ၌လည်းကောင်း၊နတ်တော်လတွင် ကျောက်ပန်းတောင်းရှိစေတီကြီးဘုရားပွဲနှင့် ပြာသိုလတွင်အာနန္ဒာဘုရားပွဲ၌လည်းကောင်း သနပ်ခါးပွဲတော်များ ကျင်းပလေ့ရှိသည်။
သနပ်ခါးအရည်မပုပ်အောင်ပြုလုပ်နည်း
ဤနည်းသည် မြန်မာအမျိုးသမီးများအတွက် အဆင်ပြေသောနည်းဖြစ်သည်။ မြန်မာအမျိုးသမီးတို့သည် သနပ်ခါးကြိုက်ကြသဖြင့် ခရီးသွားလျှင်သနပ်ခါးနှင့်ကျောက်ပျဉ်ကို သယ်ယူလေ့ရှိကြသည်။သနပ်ခါးနှင့်ကျောက်ပျဉ်ကို သယ်ယူရသည်မှာ လွယ်ကူသည်မဟုတ်ပေ။ထို့ကြောင့် ခရီးသွားရာတွင်သနပ်ခါးနှင့်ကျောက်ပျဉ်ကိုသယ်စရာမလိုဘဲ သနပ်ခါးမပုပ်အောင်ပြုလုပ်နည်းကိုဖော်ပြပါမည်။သနပ်ခါးကို မိမိလိုသလောက်သွေး၍ ထည့်စရာကြုတ် သို့မဟုတ် ဘူးအတွင်းထဲ၍ သံပရာရည် သို့မဟုတ် ရှောက်ရည်ထည့်၍ ယူဆောင်သွားခြင်းဖြစ်သည်။ နောက်တစ်နည်းမှာ သနပ်ခါးဘူးအတွင်းကျောက်ချဉ်အနည်းငယ်ကိုလည်းကောင်း၊အရက်ပြန်အနည်းငယ်ကိုလည်းကောင်းထည့်ကြသည်။ ထို့ပြင် သနပ်ခါးရည်ဘူးထဲသိုငွေမတ်စေ့ထည့်စိမ်ထားပါကလေးငါးရက်ခန့်သနပ်ခါးရည်မပုပ်ဟုသိရသည်။
မြန်မာ့သနပ်ခါးနှင့်ကျန်းမာရေး
မြန်မာ့သနပ်ခါးသည် မြန်မာ့ယဉ်ကျေးမှုဖြစ်သလို ကျန်းမာရေးအတွက်လည်းအထောက်အကူပြုသည်။ ဆေးကျမ်းအရသနပ်ခါးသည် ပူ၏။ သွေးကိုကြွစေသည်။ ငန်းမန်းကိုနိုင်သည်။ အပူနာ၊အအေးနာနှစ်မျိုးစလုံးတွင် သုံးနိုင်သည်။အပင်၊ အရွက်၊ ပင်စည်၊ အမြစ်အားလုံးကိုအသုံးပြုနိုင်သည်။ သနပ်ခါးရွက်သည် ဝက်ရူးပြန်ရောဂါကုသသည့်ဆေးဖော်စပ်ရာတွင်ထည့်သွင်းအသုံးပြုသလို ဆီးချိုရှိသူများအမှုန့်ပြုလုပ်၍ သောက်သုံးကြသည်။ အသီးကိုမူ အဆိပ်ဖြေဆေးဖော်စပ်ရာတွင်အသုံးပြုသည်။ နွေရာသီတွင်ဖြစ်တတ်သော မိတ်ဖု၊ ယားယံနာများဖြစ်လျှင် သနပ်ခါးရေကျဲသွေးလိမ်းပေးနိုင်သည်။ သနပ်ခါးမြစ်ကို ဆားနှင့်သွေးလိမ်းပေးပါက ညောင်းညာကိုက်ခဲခြင်းကိုသက်သာစေသည်။ သနပ်ခါးသည် မြန်မာအမျိုးသမီးများ၏ အသည်းစွဲနံ့သာဖြစ်သည်။ သနပ်ခါးသည် အသားအရည်ကိုအကျိုးပြုသည်။ နေ့စဉ်ပုံမှန်လိမ်းပေးခြင်းဖြင့် အသားအရေကို နူးညံ့စိုပြည်စေပါသည်။ ကလေးငယ်များကိုလူကြီးများက သနပ်ခါးခွံ့ကြသည်ကိုတွေ့ဖူးသည်။ ကလေးငယ်များအားသနပ်ခါးခွံကျွေးခြင်းဖြင့် ကျောက်ရောဂါကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။သနပ်ခါးသည် နေပူဒဏ်ကိုကာကွယ်ပေးသည်။ နေရောင်မှာပါဝင်သည် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ပေးသည်။၂၀၁၀ ပြည့်နှစ်က ထိုင်းနိုင်ငံရှိ သုတေသီတို့၏လေ့လာချက်အရ သနပ်ခါးပင်၏အခေါက်သည် အင်တီအောက်ဆီးဒင့် ခေါ်ခန္ဒာကိုယ်ကိုအကျိုးပြုဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ကြောင်း၊ အသားအရည်ရောင်ရမ်းခြင်းကို သက်သာစေသော ဓာတ်များအပြင် ဗက်တီးရီးယားများကိုပါသေစေနိုင်သော ဓာတ်နှင့်အရေပြားအရောင်ကို အပြောင်းအလဲဖြစ်စေနိုင်သောဓာတ် သနပ်ခါးလိမ်းပေးခြင်းဖြင့်မျက်နှာပေါ်တွင်ဖြစ်လေ့ရှိသော ဝက်ခြံကိုသက်သာပျောက်ကင်းစေပြီး နေလောင်ခြင်းကိုလည်း ကာကွယ်ပေးသည်။ထို့ကြောင့် နေပူပူမှာ အလုပ်လုပ်သူများသည်သနပ်ခါးကိုပါးမှာ ခပ်ထူထူလိမ်းကြခြင်းဖြစ်သည်။ ဒူးဆစ်ရောင်ရမ်းခြင်းကို သနပ်ခါးမြစ်ကို သွေးလိမ်းပေးလျှင်ပျောက်ကင်းနိုင်သည်။
လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းရန်ကြိုးပမ်း
မြန်မာနိုင်ငံတွင် ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်များစွာရှိသည်။ ရှေးဟောင်းမြို့များ၊ ရှေးဟောင်းကျောက်စာများ၊ရှေးဟောင်းအဆောက်အအုံများ စသည်ဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များရှိသည်။ ဒြပ်မဲ့ဟူသည်ထိတွေ့ကိုင်၍မရသော သဘောဆောင်သည်။ ဥပမာ-မြန်မာ့ရိုးရာသင်္ကြန်ကဲ့သို့ဖြစ်သည်။ တစ်နည်းအားဖြင့်တော့ ဒြပ်မဲ့ယဉ်ကျေးမှုဟူသည် လူသားမျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းယူဆောင်လာခဲ့သည့် ထိတွေ့ကိုင်တွယ်၍မရသောအစဉ်အလာအားဖြင့်ထိန်းသိမ်းလာခဲ့သည့် ဓလေ့တစ်ခုဟု စာရေးသူအနေဖြင့် ယူဆမိပါသည်။ မြန်မာ့သင်္ကြန်ကိုတော့ မြန်မာတို့၏ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ်အသိအမှတ်ပြုမှတ်တမ်းဝင်ခဲ့ပြီးဖြစ်သည်။
ယခုအခါ မြန်မာ့ရိုးရာသနပ်ခါးကိုလည်း လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန် စာတမ်းပြုစုလျက်ရှိကြောင်းသိရသဖြင့် ဝမ်းမြောက်မိသည်။ ထိုစာတမ်းကိုရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအပါအဝင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးNGO အဖွဲ့အစည်းများနှင့်ပူးပေါင်းရေးဆွဲပြီး ဘာသာစကားအနေဖြင့် မြန်မာ၊အင်္ဂလိပ်၊ ပြင်သစ်သုံးဘာသာဖြင့် ရေးဆွဲကြောင်းသိရသည်။ မြန်မာ့သနပ်ခါးသည် ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းတွင်ပါဝင်ခြင်းလျှင်မြန်မာလူမျိုးတို့၏ယဉ်ကျေးမှုတစ်ခုအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုတန်ဖိုးထားပြီး မြန်မာတို့၏ယဉ်ကျေးမှုဂုဏ်ကိုဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင် နောက်ထပ်ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုလည်း ရှိပါသေးသည်။ ယင်းကား မြန်မာ့ရွှေချည်ထိုးအနုပညာဖြစ်သည်။ မြန်မာ့ရွှေချည်ထိုးလက်မှုအနုပညာကိုလည်း ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ်မှတ်တမ်းဝင်ရန်ကြိုးပမ်းစေလိုကြောင်း စာရေးသူအနေဖြင့်နှိုးဆော်လိုက်ပါသည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် မြန်မာလူမျိုး၊ မြန်မာအမျိုးသမီးတို့ရှေးအစဉ်အဆက်ကတည်းက နှစ်ခြိုက်စွာအသုံးပြုခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည်။ သနပ်ခါးကိုမနှစ်သက်သည့်မြန်မာအမျိုးသမီးက ရှားလှသည်။ စာရေးသူမန္တလေးရောက်စဉ်က ကုသိုလ်တော်ဘုရား၌ နိုင်ငံခြားအမျိုးသမီးတစ်ဦးမြန်မာ့သနပ်ခါးလိမ်းထားသည်ကို တွေ့ဖူးသည်။ ထိုအချိန်ကတည်းက မြန်မာသနပ်ခါးကို နိုင်ငံခြားသားများစိတ်ဝင်စားနှစ်သက်ကြသည်ကို ခန့်မှန်းမိသည်။ ယခုအခါ နိုင်ငံတော်နှင့်သက်ဆိုင်ရာယဉ်ကျေးမှုအဖွဲ့အစည်းများက မြန်မာသနပ်ခါးကို လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အောင်ကြိုးစားနေကြောင်းကြားသိရဖြင့်ဝမ်းမြောက်ဂုဏ်ယူပီတိဖြစ်ရသည်။မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့်လည်း မိမိနိုင်ငံ၏သနပ်ခါးအပါအဝင်အခြားသော ယဉ်ကျေးမှုအမွေအနှစ်များကို ဝိုင်းဝန်းထိန်းသိမ်းသင့်သည်။ ထို့ပြင် မြန်မာ့သနပ်ခါးသည် မြန်မာလူမျိုးတို့အတွက်ဂုဏ်ယူမြတ်နိုးတန်ဖိုးထားအပ်သော ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။