အမေရိကန် အိုလံပစ်ကော်မတီက အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းထားသော (Transgender) အမျိုးသမီး အားကစားသမားများအား အမျိုးသမီး အားကစားနယ်ပယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မှုကို ပိတ်ပင်

News Image

  • အမေရိကန် အိုလံပစ်ကော်မတီက အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းထားသော (Transgender) အမျိုးသမီး အားကစားသမားများအား အမျိုးသမီး အားကစားနယ်ပယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မှုကို ပိတ်ပင်

အမေရိကန် အိုလံပစ်နှင့် ပါရာလံပစ်ကော်မတီ (USOPC) သည် တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းထားသော (Transgender) အမျိုးသမီးများအား အိုလံပစ် အမျိုးသမီး အားကစား ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မှုကို ပိတ်ပင်လိုက်ပြီး သမ္မတ ဒေါ်နယ်ထရမ့် ၏ အမိန့်အား လိုက်နာဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုစာတွင် "Transgender" ဟူသော စကားလုံးကို တိုက်ရိုက်မဖော်ပြဘဲ ဖေဖော်ဝါရီ ၅ ရက်က ထုတ်ပြန်ခဲ့သည့် သမ္မတထရမ့်၏ “အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းထားသော (Transgender) အမျိုးသမီး များအား အမျိုးသမီး အားကစားမှ ဖယ်ရှားခြင်း' အမိန့်အရ အမျိုးသမီး အားကစားအသင်းများတွင် လိင်ပြောင်းထားသော အမျိုးသမီးများ ပါဝင်ခွင့် ကို တားမြစ်ကာ အဆိုပါမူဝါဒကို ချိုးဖောက်သည့် ပညာရေး အဖွဲ့အစည်း များအား ရန်ပုံငွေဖြတ်တောက်မည်ဟု ခြိမ်းခြောက်ထားသည်။

USOPC ၏ အားကစားသမား ဘေးကင်းရေး မူဝါဒတွင် "USOPC သည် အမှုဆောင်အမိန့်အမှတ် ၁၄၂၀၁ (Executive Order 14201) နှင့်အညီ တရားမျှတပြီး ဘေးကင်းလုံခြုံသော ပြိုင်ဆိုင်မှုပတ်ဝန်းကျင်ရှိစေရန် သေချာ စေလိမ့်မည်” ဟု ဖော်ပြထားသည်။

ဇန်နဝါရီတွင် သမ္မတထရမ့် ရာထူးပြန်လည်ထမ်းဆောင်ပြီးနောက်၊ ယခင် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရလက်ထက် ပြဋ္ဌာန်းခဲ့သည့် Transgender အခွင့်အရေး အကာအကွယ်များကို ရုပ်သိမ်းခဲ့သည်။ ထို့အပြင် အသက် ၁၉ နှစ်အောက် လူငယ်များအတွက် "အစားထိုး ပြုပြင် ခွဲစိတ်ကုသမှုများ" ကို ဖက်ဒရယ်အစိုးရက ထောက်ပံ့မှု ရပ်ဆိုင်းခဲ့ပြီး လိင်ကို အမျိုးသား၊ အမျိုးသမီး နှစ်မျိုးသာ အသိအမှတ်ပြုသည့် အမိန့်ထုတ်ပြန်ကာ စစ်တပ် အတွင်း Transgender ဝင်ရောက်ခွင့်ကိုလည်း တားမြစ်ခဲ့သည်။

USOPC ၏ CEO Sarah Hirshland နှင့် ဥက္ကဋ္ဌ Gene Sykes တို့မှ သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ပေးပို့သော အသိပေးစာတွင် "ဖက်ဒရယ် အစိုးရ၏ အသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုအနေဖြင့် USOPC သည် ဖက်ဒရယ်လိုအပ်ချက်များကို လိုက်နာရန် တာဝန်ရှိသည်" ဟု ဖော်ပြ ထားသည်။ ၎င်းတို့သည် အမျိုးသား အားကစားအဖွဲ့ချုပ်အားလုံးအား ၎င်းတို့၏ မူဝါဒများကို အဆိုပါအမိန့်နှင့်အညီ ပြုပြင်ပြောင်းလဲမှုများ လိုက်နာ လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂