တောင်ကိုရီးယားရဲတပ်ဖွဲ့က သမ္မတရုံးကို စီးနင်းဝင်ရောက်
ပြီးခဲ့သည့် သီတင်းပတ်က သမ္မတ Yoon Suk-yeol ၏ စစ်ဥပဒေအရ အုပ်ချုပ်ရေးအမိန့်နှင့်ပတ်သက်သော နေရာများကို စတင်ရှာဖွေစစ်ဆေးလျက်ကြောင်း၊ သမ္မတ Yoon ၏ အရေးပေါ်အမိန့်နှင့်ပတ်သက်သော စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သမ္မတရုံးကို စီးနင်းဝင်ရောက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
နိုင်ငံ့ရဲတပ်ဖွဲ့ အေဂျင်စီ၊ ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့နှင့် လွှတ်တော်အစောင့် ရဲတပ်ဖွဲ့ကိုလည်း ရှာဖွေစစ်ဆေးခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးရေးမှူးများရောက်ရှိလာချိန်တွင် မစ္စတာ Yoon သည် သမ္မတရုံးအဆောက်အအုံထဲ၌ ရှိမနေဟု တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီက ဖော်ပြထားသည်။
ရဲတပ်ဖွဲ့သည် နိုင်ငံ့ရဲတပ်ဖွဲ့အေဂျင်စီနှင့် ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့မှ အကြီးအကဲများကိုလည်း ဆူပူအုံကြွမှု သံသယနှင့် ဖမ်းဆီးထားသည်။
အစိုးရစုံစမ်းစစ်ရေးမှူးများက ကာကွယ်ရေးဝန်ကြီးဟောင်း Kim Yong Hyun ကို ဆူပူအုံကြွမှုအပြင် အခြားစွဲချက်များနှင့် ဒီဇင်ဘာ ၁၀ ရက်နေ့ညက ဖမ်းဆီးထားသည်ဟု တောင်ကိုရီးယားမီဒီယာများတွင် ဖော်ပြထားသည်။ မစ္စတာ Kim က မစ္စတာ Yoon အား စစ်ဥပဒေအရအုပ်ချုပ်ရေးကြေညာရန် အကြံပေးခဲ့ကြောင်း အချို့ကပြောဆိုနေကြသည်ဟု ဖော်ပြထားရှိသည်။
ကိုးကား- NHK World
Photo- Malay Mail