စွဲချက်တင်ရေးနှင့် စုံစမ်းစစ်ဆေးရေး ဆောင်ရွက်နေမှုများကိုပြတ်သားစွာရင်ဆိုင်မည်ဟု တောင်ကိုရီးယားသမ္မတ ပြောကြား
တောင်ကိုရီးယား သမ္မတ Yoon Suk-yeol က အချိန်ပိုင်းသာကြာခဲ့သော ၎င်းထုတ်ပြန်ခဲ့သည့် စစ်ဥပဒေအရအုပ်ချုပ်ရေးအမိန့်ကို ကာကွယ်ပြောဆိုခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စွဲချက်တင်ခံရသည် ဖြစ်စေ၊ စုံစမ်းစစ်ဆေးခံရသည်ဖြစ်စေ ပြတ်သားစွာ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက်တွင် ပြောခဲ့သော မိန့်ခွန်းတွင် မစ္စတာ Yoon က အတိုက်အခံများအား “နိုင်ငံကို ဆန့်ကျင်သော အင်အားစု” ဟု ခေါ်ဆိုလိုက်ပြီး ၎င်းတို့ကြောင့် တိုင်းပြည်နိုင်ငံရေးကို ရပ်တန့်သွားစေခဲ့ သည်ဟု စွပ်စွဲလိုက်ပါသည်။
တောင်ကိုရီးယားနိုင်ငံ၏ ရွေးကောက်ပွဲကော်မရှင်နှင့် အစိုးရအဖွဲ့အစည်းများ၏ ကွန်ပျူတာကွန်ယက်စနစ်အတွင်း မြောက်ကိုရီးယားဟက်ကာများက ထွင်းဖောက် ဝင်ရောက်ခံခဲ့ရသည်ကို တောင်ကိုရီးယားနိုင်ငံ၏ ထောက်လှမ်းရေးအေဂျင်စီမှ တွေ့ရှိခဲ့သော်လည်း ကော်မရှင်က ၎င်း၏ဆာဗာစနစ်ကို အစစ်ဆေးခံရန် ငြင်းဆိုခဲ့သည်ဟု မစ္စတာ Yoon က ပြောကြားခဲ့ပါသည်။
အဆိုပါ အကြောင်းအချင်းအရာများသည် ၎င်းအနေဖြင့် စစ်ဥပဒေအရ အုပ်ချုပ်ရေးအမိန့်အား ထုတ်ပြန်ရန် ဆုံးဖြတ်ချက်ချခဲ့ရသည့်နောက်ကွယ်မှ အကြောင်းအရင်းများဖြစ်သည်ဟု မစ္စတာ Yoon က ရှင်းပြခဲ့ပါသည်။
ကိုးကား- NHK World