အမေရိကန်က အီရန်ကို ကြီးမားသည့် ဒဏ်ခတ်အရေးယူမှုအသစ်များ ပြဋ္ဌာန်း
အမေရိကန်က အီရန်၏ အပြည်ပြည်ဆိုင်ရာ သင်္ဘောသယ်ယူ ပို့ဆောင်ရေး ကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် ဒဏ်ခတ်အရေးယူမှုများ ပြဋ္ဌာန်းလိုက်ပြီး တီဟီရန်သို့ ရေနံအမြတ်ငွေဒေါ်လာဘီလီယံချီကာ တရားမဝင် လွှဲပြောင်း ပေးနေသည်ဟု စွပ်စွဲထားသည်။ ဇူလိုင် ၃၀ ရက်နေ့တွင် ကြေညာခဲ့သော အဆိုပါဒဏ်ခတ်မှုများတွင် အမေရိကန်ဘဏ္ဍာရေးဌာနက "ကျယ်ပြန့်သော သင်္ဘောလုပ်ငန်းအင်ပါယာ"၏ အစိတ်အပိုင်းဖြစ်သည်ဟု ဖော်ပြထားသည့် ပုဂ္ဂိုလ် ၁၀၀ ကျော်၊ ကုမ္ပဏီများနှင့် သင်္ဘောများ ပါဝင်သည်။ ထိုလုပ်ငန်း ကို အီရန်၏ အမြင့်ဆုံးခေါင်းဆောင် Ayatollah Ali Khamenei ၏ အကြံပေးအကြီးတန်းအဖွဲ့ဝင် Ali Shamkhani ၏သား ကုန်သည်ကြီး Mohammad Hossein Shamkhani မှ လုပ်ကိုင်ခြင်းဖြစ်သည်။
ဘဏ္ဍာရေးဌာနက ရှမ်ခန်နီအား ၎င်းသည် ဖခင်၏ဩဇာကို အသုံးပြုကာ တန်ဖိုး ဒေါ်လာဘီလီယံချီသော ရေနံနှင့်ရေနံထွက်ပစ္စည်းများကို အီရန်နှင့် ရုရှားမှ တရုတ်အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ဝယ်ယူသူများထံ တရားမဝင် ဖြန့်ဖြူးလျက်ရှိပြီး "အမည်ခံ" ကုမ္ပဏီများစွာဖြင့်လည်း သယ်ယူနေသည် ဟု စွပ်စွဲထားသည်။ ထိုကွန်ရက်သည် ဒဏ်ခတ်မှုများကို ရှောင်ရှားခြင်း၊ ငွေကြေးခဝါချခြင်းနှင့် စာရွက်စာတမ်းလမ်းကြောင်းများကို ရှုပ်ထွေး စေခြင်းများ ပြုလုပ်နေသည်ဟုလည်း ဆိုသည်။ ဒဏ်ခတ်ခံရသူများတွင် ပြင်သစ်၊ ဗြိတိန်နှင့် အီတလီနိုင်ငံသား ၃ ဦး အပါအဝင် ပုဂ္ဂိုလ် ၁၂ ဦး၊ သင်္ဘော ၅၂ စီးနှင့် ဆွစ်ဇာလန်အခြေစိုက် ကုမ္ပဏီတစ်ခုအပါအဝင် သင်္ဘော ကုမ္ပဏီ ၁၅ ခု ပါဝင်သည်။
"ရှမ်ခန်နီမိသားစု၏ သင်္ဘောလုပ်ငန်းအင်ပါယာသည် အီရန်အာဏာပိုင် အလွှာများက ၎င်းတို့၏ဩဇာအာဏာကို အလွဲသုံးကာ ကြီးမားသော ဓနအင်အား စုဆောင်းပြီး အစိုးရ၏အန္တရာယ်ရှိသည့်လုပ်ရပ်များကို ငွေကြေး ထောက်ပံ့နေပုံကို ထင်ဟပ်စေသည်" ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားခဲ့သည်။ "တီဟီရန်က အမေရိကန် လုံခြုံရေးကို ခြိမ်းခြောက်နေစဉ် အစိုးရအလွှာများ အမြတ်ထုတ်နေခြင်း ကို ပစ်မှတ်ထားခြင်းဖြင့် အဆိုပါလုပ်ရပ်များသည် အမေရိကန်ကို ဦးစား ပေးသည်"၎င်းက ဆိုသည်။
၂၀၁၈ ခုနှစ်နောက်ပိုင်း အီရန်နှင့်သက်ဆိုင်သော အကြီးမားဆုံး ဒဏ်ခတ်မှု အစုအဖွဲ့ဟု အမည်တွင်သည့် အဆိုပါဒဏ်ခတ်မှုများသည် အီရန်၏ ယူရေနီယမ်ထပ်တိုးသန့်စင်မှုအစီအစဉ်ကို အဆုံးသတ်ရန် သမ္မတ ဒေါ်နယ် ထရမ့်၏ ပြန်လည်အားကောင်းလာသော ပြင်းထန်သည့် ဖိအားပေးမှု ဗျူဟာ၏ အစိတ်အပိုင်းဖြစ်ပြီး ဖော်ဒိုး၊ နတန်ဇ်နှင့် အစ္စဖာဟန်ရှိ အီရန် ၏နျူကလီးယားစက်ရုံများကို အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများ အပြီးတွင် ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
တီဟီရန်က အဆိုပါဒဏ်ခတ်မှုများကို တရားမဝင်ဟု ရှုတ်ချခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က ဇူလိုင် ၃၁ ရက်နေ့တွင် အဆိုပါလုပ်ဆောင်မှုသည် "အမေရိကန် မူဝါဒ ချမှတ်သူများ၏ အီရန်ပြည်သူများအပေါ် ရန်လိုမှု၏ ရှင်းလင်းသော လက္ခဏာ" ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့၏ အမှန်တကယ် ရည်ရွယ်ချက်မှာ အီရန်၏ဖွံ့ဖြိုးတိုးတက်မှုကို ချိုးနှိမ်ရန်ဖြစ်သည်ဟု ဆိုသည်။
အနောက်နိုင်ငံများက အီရန်၏ ယူရေနီယမ် ထပ်တိုးသန့်စင်မှု လုပ်ငန်းစဉ် ကို နျူကလီးယားလက်နက်ဖွံ့ဖြိုးရေးအတွက် လျှို့ဝှက်ကြိုးပမ်းမှု တစ်ခု အဖြစ် ရှည်လျားစွာ ရှုမြင်ခဲ့ကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂