ထိုင်းနိုင်ငံက ဖမ်းဆီးထားသော ကမ္ဘောဒီးယားစစ်သား ၂ ဦးကို ပြန်လည် လွှတ်ပေး
ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယားစစ်သား ၂ ဦးကို နယ်စပ်မှတစ်ဆင့် ပြန်လည်လွှတ်ပေးခဲ့သော်လည်း အခြားစစ်သား ၁၅ ဦးကိုမူ ယခုထိ လွှတ်ပေးခြင်း မရှိသေးပေ။ ဩဂုတ် ၁ ရက် မွန်းလွဲပိုင်းတွင် ထိုင်း၏ Military Region 2 သည် Surin ခရိုင်ရှိ လုံခြုံရေးနှင့် ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာ အဖွဲ့များနှင့် ပူးပေါင်း၍ နယ်စပ်ပဋိပက္ခစတင် ဖြစ်ပွားချိန် မှစ၍ ဖမ်းဆီးထားသော ကမ္ဘောဒီးယားစစ်သား ၁၈ ဦးအနက်မှ ၂ ဦးကို ပြန်လည်လွှတ်ပေးခဲ့သည်။
ထိုစစ်သား ၂ ဦးမှာ Second Lieutenant Ang Oeung (၃၇ နှစ်) နှင့် Sergeant Mom Vuthy (၅၃ နှစ်) တို့ဖြစ်ပြီး Oddar Meanchey ခရိုင်ရှိ O'Smach နယ်စပ်ဂိတ်မှတစ်ဆင့် နံနက် ၁၁ နာရီတွင် ပြန်လည် ရောက်ရှိ ခဲ့သည်။ ကမ္ဘောဒီးယားမီဒီယာများအရ ၎င်းတို့သည် ကျန်းမာရေး အခြေအနေ မကောင်းဘဲ ပြန်လာခဲ့ကြောင်း သိရသည်။ တစ်ဦးမှာ ဘီးတပ် ကုလားထိုင် တွင် ထိုင်လျက်၊ အခြားတစ်ဦးမှာ ခြေဗလာဖြင့် စိတ်ဖိစီးမှုလက္ခဏာများ ပြသလျက် ရှိသည်။
ထိုင်းစစ်တပ်က Sergeant Mom Vuthy ၏လက်မောင်းကျိုးပြီး ညာဘက်တင်ပါးဆုံတွင် ဒဏ်ရာရရှိထားကြောင်း၊ Second Lieutenant Ang Oeung မှာ စစ်ပွဲကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့အား အခြေခံကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပြီး Ang Oeung အား အထူးကုဆရာဝန်မှ စစ်ဆေးကာ မိသားစု ထံတွင် ပြုစုစောင့်ရှောက်မှုခံယူရန် အကြံပြုခဲ့သည်။
ထိုင်းစစ်တပ်က ၎င်းတို့အား ဂျီနီဗာသဘောတူညီချက်နှင့်အညီ လူသားချင်း စာနာစွာ ဆက်ဆံခဲ့ကြောင်း ပြောကြားခဲ့သည်။ Bangkok Post အရ ၎င်းတို့သည် နောင်တွင် ထိုင်းနိုင်ငံအား မည်သည့်ပြုမူ ဆောင်ရွက်မှုမျှ မပြုလုပ်ရန် ကတိပြုခဲ့ကြသည်။
ထိုင်းစစ်တပ်က Sisaket ခရိုင်ရှိ Samtae ဧရိယာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခရပ်စဲမှုအပြီးတစ်ရက်အကြာ ဇူလိုင် ၂၉ တွင် ကမ္ဘောဒီးယား စစ်သား ၁၈ ဦးအား ဖမ်းဆီးခဲ့ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ကမ္ဘောဒီးယား စစ်သား ၂ ဦး သေဆုံးနေသည်ကိုလည်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ကမ္ဘောဒီးယား စစ်တပ်က ၎င်းတို့သည် "ခင်မင်စွာကြိုဆိုရန် ချဉ်းကပ် လာစဉ်" ဖမ်းဆီးခံခဲ့ရသည်ဟု စွပ်စွဲခဲ့သော်လည်း ထိုင်းဘက်မှ လက်နက်ချ ခဲ့သည်ဟု ဆိုသည်။
ထိုင်း၏ Military Region 2 က ကျန်ရှိနေသော ကမ္ဘောဒီးယားစစ်သား ၁၆ ဦးအား ပြန်လည်လွှတ်ပေးရန် အတည်ပြုချက်လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်နေသောကြောင့် အချိန်ကြာဦးမည်ဟု ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားအာဏာပိုင်များက နိုင်ငံတကာလူသားချင်းစာနာမှု စံနှုန်း များနှင့်အညီ လွှတ်ပေးရန် ထိုင်းဘက်အား ဆက်လက် တိုက်တွန်း နေသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ဝန်ကြီး-၂