ဟားမက်အဖွဲ့က ဂါဇာမှ ဓားစာခံများထံ အကူအညီပေးရန် စည်းကမ်းချက်များ သတ်မှတ်

News Image

  • ဟားမက်အဖွဲ့က ဂါဇာမှ ဓားစာခံများထံ အကူအညီပေးရန် စည်းကမ်းချက်များ သတ်မှတ်

ဟားမက်အဖွဲ့က အစ္စရေးအနေဖြင့်အချို့သော စည်းကမ်းချက်များနှင့် ကိုက်ညီပါက ဂါဇာတွင် ထိန်းသိမ်းထားသည့် ဓားစာခံများထံ အကူအညီ ပေးမည်ဟု ပြောကြားခဲ့သည်။ ဟားမက်စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ အဘူအိုဘိုင်ဒါက ဩဂုတ်လ ၃ ရက်နေ့တွင် "အကူအညီ ပေးပို့ ရာတွင် အစ္စရေးက လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေး လမ်းကြောင်း များကို အမြဲတမ်းဖွင့်ပေးပြီး အဆိုပါဒေသတွင် လေကြောင်း တိုက်ခိုက် မှုများ ရပ်တန့်ရန်" လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းတို့ သည် "ထိန်းသိမ်းခံထားရသော အကျဉ်းသားများထံ အစားအစာနှင့် ဆေးဝါး များ ပို့ဆောင်ရန် နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) ၏ မည်သည့် တောင်းဆိုမှုကိုမဆို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့် ရှိကြောင်း" ဖြည့်စွက်ပြောဆိုခဲ့သည်။

ဂါဇာတွင် အကျဉ်းချခံထားရသူများ၏ မိသားစုများကို ကိုယ်စားပြုသည့် "Hostage Families Forum" မှ ထုတ်ပြန်ချက်တွင် ဟားမက်၏ ထုတ်ပြန်ချက်များသည် "အပြစ်မဲ့ ပြည်သူများကို ရက်ပေါင်း ၆၆၀ ကျော် ကြာ စဉ်းစား၍ပင်မရနိုင်သည့် ဆိုးရွားသော အခြေအနေများဖြင့် ထိန်းသိမ်း ထားသည်" ဆိုသည့် အမှန်တရားကို ဖုံးကွယ်၍မရနိုင်ကြောင်း ပြင်းပြင်း ထန်ထန် ရှုတ်ချထောက်ပြထားသည်။ ထုတ်ပြန်ချက်တွင် "အကျဉ်းသား များ လွတ်မြောက်သည်အထိ ဟားမက်အဖွဲ့သည် လိုအပ်သမျှ အားလုံး ကို ဖြည့်ဆည်းပေးရန် တာဝန်ရှိသည်။ ဟားမက်က ၎င်းတို့ကို ပြန်ပေး ဆွဲထားပြီး ၎င်းတို့၏အခြေအနေကို ဂရုစိုက်ရန်နှင့် အကျဉ်းသား တစ်ဦး ချင်းစီ၏ သေဆုံးမှုအတွက် ဟားမက်က တာဝန်ခံရမည်" ဟု ပြင်းပြင်း ထန်ထန် ပြောဆိုထားသည်။

အစ္စရေးအရာရှိများ၏ ပြောဆိုချက်အရ ဟားမက်အဖွဲ့သည် လက်ရှိ ဂါဇာတွင် အကျဉ်းသား ၅၀ ကို ထိန်းသိမ်းထားပြီး ၎င်းတို့အနက် ၂၀ ဦး သာ အသက်ရှင်နိုင်သည်ဟု ယူဆရကြောင်း သိရသည်။ ဟားမက် အဖွဲ့ သည် လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်းများအား အကျဉ်းသားများနှင့် တွေ့ဆုံခွင့်မပြုထားသဖြင့် မိသားစုများအနေဖြင့် ၎င်းတို့၏ အခြေအနေကို အချက်အလက် အလွန်နည်းပါးစွာ သို့မဟုတ် လုံးဝ မသိ ရှိရပေ။

ဟားမက်အဖွဲ့သည် ဩဂုတ်လ ၂ ရက်နေ့တွင် အစ္စရေးအကျဉ်းသား Evyatar David ၏ ဒုတိယမြောက် ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။ ထိုဗီဒီယို တွင် David သည် အရိုးနှင့်အရေသာကျန်ရှိပြီး အားအင် ကုန်ခမ်း လုနီး ပါးဖြစ်နေကာ ၎င်းကိုယ်တိုင် ၎င်း၏သင်္ချိုင်းဂူဟုယူဆရသည့် ကျင်း တစ်ခုကို တူးနေသည့် အခြေအနေကို တွေ့ရသည်။

ထုတ်ပြန်လိုက်သည့် ဗီဒီယိုဖိုင်သည် အနောက်နိုင်ငံများ၏ ပြင်းထန်သော ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး အစ္စရေးပြည်သူများကို ထိတ်လန့်စရာ ဖြစ်စေခဲ့သည်။ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စု တို့က အလွန်အမင်း အမျက်ဒေါသထွက်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ ကြသည်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဂါဇာရှိ အကျဉ်းသား များ၏ အခြေအနေကို ဆွေးနွေးရန် အထူးအစည်းအဝေးတစ်ရပ် ကျင်းပမည် ဟု ကြေညာခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဩဂုတ်လ ၃ ရက်နေ့ တွင် ဟားမက်အဖွဲ့ ထုတ်ပြန်လိုက်သည့် ဗီဒီယိုကြောင့် ထိတ်လန့် တုန်လှုပ် မိကြောင်း ပြောကြားခဲ့ပြီး အကျဉ်းသားများထံ လူသားချင်းစာနာ ထောက်ထားရေး အကူအညီများ ပေးပို့နိုင်ရန် ကြက်ခြေနီကော်မတီထံ တောင်းဆို ထားကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂