နေတန်ယာဟု က ဂါဇာ ကို အပြည့်အဝ သိမ်းပိုက်ရန် ဆုံးဖြတ်

News Image

  • နေတန်ယာဟု က ဂါဇာ ကို အပြည့်အဝ သိမ်းပိုက်ရန် ဆုံးဖြတ်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ဂါဇာကို အပြည့်အဝ သိမ်းပိုက်ရန် အစီအစဉ်အတွက် အစိုးရအဖွဲ့၏ထောက်ခံမှုရယူမည်ဟု ဝန်ကြီးများအား ပြောကြားခဲ့ကြောင်း The Times of Israel သတင်းစာ က ဩဂုတ်လ ၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။ အစ္စရေး ကာကွယ်ရေး တပ်မတော် (IDF) ၏ ကန့်ကွက်မှုများရှိခဲ့သော်လည်း ထိုသို့ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

အစ္စရေးသည် ၁၉၆၇ မှ ၂၀၀၅ အထိ နှစ်ပေါင်း ၃၈ နှစ်ကြာ ဂါဇာကို ထိန်းချုပ်ခဲ့ပြီး IDF နှင့် အစ္စရေးအခြေချနေထိုင်သူများ ဂါဇာမှ ရုပ်သိမ်း ပြီးနောက် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (Palestinian Authority) အား အုပ်ချုပ်ခွင့်ပေးခဲ့သည်။ ထိုအဖွဲ့သည် အနောက်ဘက်ကမ်းရိုးတန်း (West Bank) ၏ အချို့ဒေသများကိုလည်း ထိန်းချုပ်ထားသည်။ ၂၀၀၆ ခုနှစ် တွင် ဟားမက်သည် ရွေးကောက်ပွဲအနိုင်ရပြီးနောက် ဂါဇာကို အုပ်ချုပ် လာခဲ့ပြီး ထိုအချိန်မှစ၍ ရွေးကောက်ပွဲများ ကျင်းပခြင်းမရှိတော့ပေ။

သတင်းများအရ နေတန်ယာဟုသည် သီးသန့်ဆွေးနွေးပွဲများတွင် "ဂါဇာ ကမ်းမြောင်သိမ်းပိုက်မှု" ဟူသော စကားရပ်ကို ညွှန်းဆိုခဲ့ပြီး စစ်ဆင်ရေး လုပ်ငန်းစဉ်များ ချဲ့ထွင်ရန် ၎င်း၏ရှုမြင်သုံးသပ်မှုကို ထင်ဟပ်စေခဲ့သည်။ အစိုးရသည် စစ်ဆင်ရေး၏အနာဂတ်ကို ဆွေးနွေးရန် ပြင်ဆင်နေစဉ် ဤသည်မှာ အရေးပါသော အပြောင်းအလဲတစ်ခုဖြစ်သည်။

"အဆုံးအဖြတ်ပေးပြီ၊ မိမိတို့အနေဖြင့် ဂါဇာကမ်းမြောင်ကို အပြည့်အဝ သိမ်းပိုက်ရန် လုပ်ဆောင်မည်၊ ဓားစာခံများရှိရာ နေရာများတွင်ပင် စစ်ဆင်ရေးများ ဆောင်ရွက်မည် ၊ IDF ဗိုလ်ချုပ်ကြီးက သဘောမတူပါက ၎င်းအနေဖြင့် နုတ်ထွက်သင့်သည်" ဟု Ynet သတင်းတွင် နေတန်ယာဟု နှင့် နီးစပ်သော အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား ဖော်ပြခဲ့သည်။

IDF သည် လက်ရှိတွင် ဂါဇာနယ်မြေ၏ ၇၅% ခန့်ကို ထိန်းချုပ်ထားသည် ဟု ဆိုသည်။ အဆိုပါ အစီအစဉ်အရ ကျန်ရှိသော နယ်မြေများကိုပါ သိမ်းပိုက်ကာ ဂါဇာတစ်ခုလုံးကို အစ္စရေး ထိန်းချုပ်မှုအောက်သို့ ရောက်ရှိ စေမည်ဖြစ်သည်။

The Times of Israel ၏ ဖော်ပြချက်အရ IDF သည် ဂါဇာတစ်ခုလုံးကို ထိန်းချုပ်ရန် အကြံပြုချက်ကို ကန့်ကွက်လျက်ရှိပြီး ဟားမက်၏ အခြေခံ အဆောက်အအုံအားလုံးကို ဖျက်သိမ်းရန် နှစ်ပေါင်းများစွာ ကြာမြင့် နိုင်သည် ဟု စစ်တပ်က ယုံကြည်ထားသည်။ ထို့အပြင် စစ်သည်များသည် ဓားစာခံများ ချုပ်နှေင်ထားသည့်နေရာသို့ အလွန်နီးကပ်စွာ ချဉ်းကပ် ပါက ၎င်းတို့၏ အသက်အန္တရာယ် ပိုမိုစိုးရိမ်ရသည်ဟု IDF က ဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂