မဟာမိတ်နှင့် မိတ်ဖက် ဆက်ဆံရေး ခိုင်မာစေရန်အတွက် ဖိလစ်ပိုင်သမ္မတ အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာ အလည်အပတ်ရောက်ရှိ

News Image

  • မဟာမိတ်နှင့် မိတ်ဖက် ဆက်ဆံရေး ခိုင်မာစေရန်အတွက် ဖိလစ်ပိုင်သမ္မတ အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာ အလည်အပတ်ရောက်ရှိ

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် အာရ် မာကို့စ် ဂျူနီယာက ၎င်း၏ အိန္ဒိယနိုင်ငံသို့ အလည်အပတ် လာရောက်သည့် ခရီးစဉ်သည် နှစ်နိုင်ငံ အပြန်အလှန် ခိုင်မာသည့် မိတ်ဖက်ဖြစ်မှုကို အတည်ပြုခြင်းဖြစ်ကြောင်း အင်္ဂါနေ့ (ဩဂုတ် ၅) က ပြောကြားပါသည်။ “ယင်းမှာ မဟာမိတ်နှင့် မိတ်ဖက် ဆက်ဆံရေးကို ခိုင်မာ စေရန် လာရောက်ခြင်းဖြစ်ကြောင်း ထပ်လောင်း အတည်ပြုခြင်း ဖြစ်ပါသည်”ဟု နယူးဒေလီမြို့ရှိ Rashtrapati Bhavan ၌ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားအပြီးတွင် ပြောကြား လိုက်ပါကြောင်း ဩဂုတ်လ ၅ ရက်နေ့ထုတ် The India Express သတင်းတွင် ဖော်ပြပါရှိပါသည်။ 

၎င်းရောက်ရှိစဉ် သမ္မတ Droupadi Murmu က လက်ခံကြိုဆိုခဲ့ပြီး၊ ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ လည်း အတူတကွ ရှိနေကာ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ပါသည်။

မားကို့စ်သည် အိန္ဒိယနိုင်ငံသို့ ဩဂုတ်လ ၅ ရက်နေ့တွင် ငါးရက်ကြာ အလည်အပတ်ခရီးအဖြစ် ရောက်ရှိ လာခြင်းဖြစ်ပါသည်။ ယင်းနေ့ နှောင်းပိုင်းတွင် ဝန်ကြီးချုပ် မိုဒီနှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲများကို ကျင်းပ သွားဖွယ်ရှိပါသည်။ ၎င်း၏ အလည်အပတ်ခရီးစဉ်သည် ယခုနှစ် အိန္ဒိယ-ဖိလစ်ပိုင် သံတမန် ဆက်ဆံရေး ထူထောင်သည့် ၇၅ ပြည့်မြောက်သည့် နှစ်ပတ်လည် အခါသမယလည်းဖြစ်ပါသည်။

ဖိလစ်ပိုင်သမ္မတသည် မနီလာ၏ လိုလားချက်များဖြစ်သည့် နယူးဒေလီနှင့် တည်ဆဲဆက်ဆံရေး ထူထောင်မှုကို အားပေးရန်နှင့် လွန်ခဲ့သည့်နှစ်များအတွင်း အားကောင်းလာသည့် “အခွင့်အလမ်းများ” ရှာဖွေဖော်ထုတ်ရန်အတွက် ဖြစ်ပါသည်။  “မိမိတို့ အာရှ-ပစိဖိတ်ဒေသ၊ အင်ဒို-ပစိဖိတ်ဒေသ တို့သည် ကမ္ဘာ့နိုင်ငံရေးအားလုံး၏ သဘောသဘာဝ၊ စီးပွားရေး အားလုံး၏ ကုန်သွယ်မှုတို့ တည်ရှိရာဟု မှန်မှန်ကန်ကန် သုံးသပ်ရပါမည်”ဟု ဖိလစ်ပိုင် သမ္မတက ပြောကြားပါသည်။ “နည်းပညာ အသစ် အဆန်းများ၊ ကမ္ဘာ့စီးပွားရေး ပြောင်းလဲမှုများ၊ မျက်မှောက်ကာလ မိမိတို့ အနီးဝန်းကျင် ပထဝီ နိုင်ငံရေး အခြေအနေများအကြား မိမိအနေဖြင့် တည်ဆဲဆက်ဆံရေးကို တည်ဆောက်လိုပြီး၊ မကြာသေးမီ နှစ်များအတွင်း တိုးတက်လာသည့် အခွင့်အရေးတွေကိုလည်း အသေအချာ ရှာဖွေရယူ နိုင်ရန် ဆန္ဒရှိပါသည်” ဟု  ၎င်းက ထပ်လောင်းပြောကြားပါသည်။

ယခု အလည်အပတ် ခရီးစဉ်သည် နိုင်ငံ နှစ်ဖက်လုံး အကျိုးရှိစေမည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး “အနာဂတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ပြဿနာများ အပေါ် အပြုသဘောဆောင်သည့် အပြန်အလှန် အကျိုးရှိစေမည့် ထိတွေ့ဆက်ဆံမှု ဖြစ်ပါကြောင်း” ပြည်ပ ရေးရာ ဝန်ကြီးဌာနက ပြောကြားပါသည်။ 

ကိုးကား- The India Express

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ၊ ဝန်ကြီးဌာန-၂