စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

News Image

  • စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည်၊ ဩဂုတ်-၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာန တို့ပူးပေါင်းပြီး ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်ရှိန်မြှင့်တင်ရေး ကျောက်ဆည်မြို့နယ် ဇရပ်ဖြူကျေးရွာ ရဲကြီးကွေ့အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့နံနက် (၁၀)နာရီက အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်မြို့နယ်၊ ဇရပ်ဖြူကျေးရွာ ရဲကြီးကွေ့ အခြေခံပညာ မူလတန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်နုရီက ငယ်ရွယ်စဉ်အချိန်ကပင် ကျောင်းစာအပြင် ပြင်ပဗဟုသုတ ပြည့်စုံရေးနှင့် အားလပ်ချိန်များတွင် စာပေများလေ့လာဖတ်ရှုစေရေး အသိပညာပေးဟောပြောပွဲ နှင့် စာအုပ်ပြပွဲ များ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူးများ အကြောင်း နှင့် အလိမ္မာစာမှာရှိ၊ ပညာရွှေအိုးလူမခိုး၊ ပညာလိုအိုသည်မရှိ စသည့်စာပေ အကျိုးကျေးဇူးများအကြောင်း  အသိပညာပေးဟောပြောခဲ့သည်။ 

အသိပညာပေးဟောပြောပွဲအပြီးတွင်ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသော ကလေးသူငယ် များ စစ်မှုထမ်းခြင်းမှတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။

 

 စုစုအေး(ကျောက်ဆည်)