ဇီလန်စကီးက "စစ်ပွဲပြီးဆုံးရန် အချိန်တန်ပါပြီ" ဟု ပြောကြား

News Image

  • ဇီလန်စကီးက "စစ်ပွဲပြီးဆုံးရန် အချိန်တန်ပါပြီ" ဟု ပြောကြား

ယူကရိန်းသည် ရုရှားနှင့် ပဋိပက္ခကို ဖြေရှင်းရန် တတိယ အဖွဲ့အစည်း တစ်ခုပါဝင်သော ဆွေးနွေးပွဲပုံစံမျိုးအပါအဝင် ဆွေးနွေးမှုများပြုလုပ်ရန် အဆင်သင့်ဖြစ်နေကြောင်း ဗလာဒီမာ ဇီလန်စကီးက ပြောကြားလိုက်သည်။ ကြာသပတေးနေ့ (ဩဂုတ် ၇) က တယ်လီဂရမ်တွင် ရေးသားခဲ့သော ပို့စ်တစ်ခုတွင် ယူကရိန်းခေါင်းဆောင်က ဂျာမနီဝန်ကြီးချုပ် Friedrich Merz နှင့် ပဋိပက္ခကို ဂုဏ်သိက္ခာရှိသော ငြိမ်းချမ်းရေး ရယူခြင်းဖြင့် အဆုံးသတ်ရန် ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါ ငြိမ်းချမ်းရေး သဘော တူညီမှု သည် ဥရောပ၏လုံခြုံရေးအခြေအနေများကို ဆယ်စုနှစ်များစွာ အာမခံ ပေးမည်ဟု ရှင်းပြခဲ့သည်။

ထို့အပြင် ၎င်းက မကြာသေးမီက ကျင်းပခဲ့သော ဆွေးနွေးပွဲတစ်ခုတွင် အနာဂတ်တွင် ခေါင်းဆောင်များအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပရန် ဖြစ်နိုင်ခြေရှိသောပုံစံများကို ဆွေးနွေးခဲ့ကြောင်း၊ ၎င်းတွင် နှစ်နိုင်ငံနှင့် သုံးနိုင်ငံတက်ရောက်မည့်ဆွေးနွေးပွဲများ ပါဝင်ကြောင်း ဖော်ပြ ခဲ့သည်။ "ယူကရိန်းသည် ဆွေးနွေးပွဲများကို မကြောက်ရွံ့ပါ ၊ ရုရှားဘက် ကလည်း အလားတူ ရဲရင့်သောချဉ်းကပ်မှုကို မျှော်လင့်ထားပြီး စစ်ပွဲကို အဆုံးသတ်ရန် အချိန်တန်ပါပြီ" ဟု ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းခေါင်းဆောင်၏ ထုတ်ပြန်ချက်များသည် အမေရိကန် အထူး ကိုယ်စားလှယ် Steve Witkoff ၏ မော်စကိုခရီးစဉ်အပြီးတွင် ထွက်ပေါ် လာခြင်းဖြစ်သည်။ Witkoff သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ သုံးနာရီကြာ ဆွေးနွေးတိုင်ပင်ခဲ့သည်။

ရုရှားအရာရှိများက အဆိုပါဆွေးနွေးပွဲကို အပြုသဘောဆောင်သော ဆွေးနွေးပွဲအဖြစ် သတ်မှတ်ခဲ့ပြီး အမေရိကန်အိမ်ဖြူတော်ကလည်း မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်သော ရလဒ်များရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

ကရင်မလင်အကြံပေး Yury Ushakov ကလည်း ပူတင်သည် လာမည့် သီတင်းပတ်အတွင်း Donald Trump နှင့် တွေ့ဆုံနိုင်ကြောင်း ဖော်ပြ ခဲ့သော်လည်း တွေ့ဆုံမည့်နေရာကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။ Witkoff က တတိယအဖွဲ့အစည်းပါဝင်သော သုံးပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်နိုင်ခြေကို ဖော်ပြ ခဲ့သော်လည်း ထိုအကြောင်းကို သီးခြား ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂