ထိုင်းနိုင်ငံက ကမ္ဘောဒီးယား၏ မဟုတ်မမှန် ထုတ်ပြန် ပြောဆိုမှု များကို တုံ့ပြန်ရန် သရုပ်ဆောင် ပန်နဒါအား တာဝန်ပေးအပ်
ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံမှ ထုတ်ပြန်သည့် သတင်းမှားများကို ပြန်လည်တုံ့ပြန်ရန် ပန်နဒါ ဝေါင်းဖူဒီ (Panadda Wongphudee) အား ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေဆိုင်ရာ အထူးဗဟိုဌာန၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်လိုက်သည်။
ထိုင်းကာကွယ်ရေးဒုဝန်ကြီး နတ်ဖွန်း နာ့ခ်ဖန်နစ် (Nattaphon Narkphanit) က သောကြာနေ့ (ဩဂုတ် ၈) တွင် ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး မာလီ ဆိုချီတာ (Lt Gen Maly Socheata) ဦးဆောင်မှုဖြင့် ထုတ်ပြန်သည့် ကြေညာချက်များအား အမြန်ဆုံးတုံ့ပြန်နိုင်ရန် အမျိုးသမီးတစ်ဦးလိုအပ်နေသောကြောင့် ပန်နဒါ အား အထူးပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်လိုက်ကြောင်း ကြေညာခဲ့သည်။
ထိုင်းအရာရှိများသည် မာလီ၏လုပ်ဆောင်ချက်များကို စိတ်အနှောင့်အယှက် ဖြစ်နေကြပြီး ၎င်းမှာ ကမ္ဘောဒီးယားအစိုးရမှ ကမ္ဘောဒီးယားအတွက် အထောက်အပံ့ရရှိစေရန်နှင့် ထိုင်း၏ဂုဏ်သတင်းကို ထိခိုက်စေရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ သတင်းမှားများ ထုတ်ပြန်ရန် တာဝန်ပေး ထားသည့် အဓိကပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။ ဇူလိုင် ၂၄ ရက်မှစတင်ကာ နှစ်နိုင်ငံအကြား ငါးရက်ကြာ နယ်စပ်တိုက်ပွဲများ စတင်ခဲ့သည့်အချိန်မှစ၍ ၎င်းမှာ ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီး ဌာန၏ မျက်နှာစာတစ်ခုဖြစ်လာခဲ့သည်။ လက်နက်ကိုင်တိုက်ပွဲများ ရပ်စဲ သွားပြီဖြစ်ကာ ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ဇူလိုင် ၂၈ ရက်တွင် စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို ရယူနိုင်ခဲ့သည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် နယ်စပ်ဆိုင်ရာ အထွေထွေကော်မတီအစည်းအဝေး ပြီးဆုံးပြီးနောက် တစ်ရက် အကြာတွင် ပန်နဒါကို ပြောရေးဆိုခွင့်ရှိသူအဖြစ် ထိုင်းပြည်သူများနှင့် မိတ်ဆက်ခြင်း ကို ပြုလုပ်ခဲ့သည်။ ကွာလာလမ်ပူအစည်းအဝေးတွင် နှစ်နိုင်ငံသည် ၎င်းတို့၏နယ်စပ်တွင် ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရန် ကတိကဝတ် များ ထပ်မံပြုလုပ်ခဲ့ကြသည်။
ဗိုလ်ချုပ်ကြီး နတ်ဖွန်းက ထိုင်းလုံခြုံရေးအာဏာပိုင်များသည် ပန်နဒါ အား သူမ၏အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် ကမ္ဘောဒီးယားကို တုံ့ပြန်နိုင်ရန် အချက်အလက်များ ထောက်ပံ့ပေးမည်ဟု ဆိုသည်။ အဆိုပါဖြစ်ရပ်က ထိုင်းနှင့်ကမ္ဘောဒီးယားတို့သည် စစ်ပြေငြိမ်းရန် သဘော တူညီထားသော်လည်း နှစ်နိုင်ငံအကြား စကားစစ်ထိုးပွဲများ အလွယ်တကူ ပြီးဆုံးမည်မဟုတ်ကြောင်း ဖော်ပြနေသည်။
ပန်နဒါသည် ၂၀၀၀ ပြည့်နှစ်တွင် ထိုင်းအလှမယ်ဘွဲ့ရရှိခဲ့သူဖြစ်ပြီး ထိုင်း နိုင်ငံတွင် ထင်ရှားသော သရုပ်ဆောင်တစ်ဦးဖြစ်ကာ လူမှုကူညီရေး ဆိုင်ရာ လှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့သူဖြစ်သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂