အလက်စကာ တွေ့ဆုံပွဲ အကြောင်း ပူတင်က မိုဒီထံ ဖုန်းဖြင့် ထပ်ဆင့် ရှင်းပြ
အလက်စကာတွင် အမေရိကန်သမ္မတနှင့် ရုရှားသမ္မတတို့ တွေ့ဆုံ ပြီးနောက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရိန် ဒရာ မိုဒီတို့သည် ဖုန်းဖြင့်ဆက်သွယ်ကာ နှစ်နိုင်ငံကြား မိတ်ဖက် ဆက်ဆံရေး တိုးတက်မှုအတွက် ဆွေးနွေးခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။
ထိုသို့ ဖုန်းပြောဆိုမှုမတိုင်မီက အိန္ဒိယဝန်ကြီးချုပ် မိုဒီက ၎င်း၏ X တွစ်တာ တွင် ထရမ့်နှင့် ပူတင်တို့ အလက်စကာတွင် ကျင်းပသော အမေရိကန်-ရုရှား ဆွေးနွေးပွဲများအကြောင်း ဖော်ပြခဲ့ပါသည်။ ပူတင်က အလက်စကာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမှုအပေါ် ၎င်း၏အမြင်ကို မျှဝေခဲ့သည် ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြား ထားပါသည်။ ဝန်ကြီးချုပ်မိုဒီက ပူတင်အား ကျေးဇူးတင်ကြောင်း ပြောကြားရင်း သံတမန်နည်းလမ်းနှင့် ပြေလည်မှုရှာဖွေခြင်းမှတစ်ဆင့် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အိန္ဒိယ၏ ပုံမှန်ရပ်တည်ချက်ကို အလေးပေးပြောကြားကာ အဆိုပါလမ်းကြောင်းအတိုင်း ကြိုးပမ်းအားထုတ်မှုအားလုံးကို အိန္ဒိယက ထောက်ခံကြောင်း အတည်ပြုပါကြောင်း ဆက်လက် ဖော်ပြထားပါသည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည် ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဖြည့်စွက် ဖော်ပြထားပါသည်။
ကိုးကား- Tass
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃
Photo Crd to India News Stream