၂၀၂၄ ခုနှစ်အတွင်း ဥရောပသို့ဝင်ရောက်ရန် ကြိုးပမ်းသည့် ရွှေ့ပြောင်းနေထိုင်သူ ၂၀၀၀ ကျော် သေဆုံး
ဘရပ်ဆဲလ် ဇန်နဝါရီ ၅
၂၀၂၄ ခုနှစ်အတွင်း ဥရောပသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူ ၂၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂနှင့် အီတလီ သတင်းရင်းမြစ်များမှ နောက်ဆုံးရ သတင်းအချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့်နှစ်က မြေထဲပင်လယ်တွင် ရွှေ့ပြောင်းနေထိုင်သူ ၂၂၀၀ ထက်မနည်းသေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောကြားသည်။
တိုက်တွန်းပြောကြား
သေဆုံးသူအများစုမှာ လူငယ်များဖြစ်ကြောင်း UNICEF ၏ ဥရောပနှင့်ဗဟိုအာရှဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး ရီဂီနာဒီဒိမီနီဆစ်က ပြောကြားပြီး ဥရောပ၌ ဘေးကင်းလုံခြုံရေးအတွက် ရှာဖွေနေသော ကလေးသူငယ်များကာကွယ်ရေးကို ဦးစားပေးလုပ်ဆောင်ရန် ဥရောပနိုင်ငံများကို ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
ဒီဇင်ဘာ ၂၉ ရက်အထိ ဥရောပသို့ ဝင်ရောက်ခဲ့သူအရေအတွက် ၁၉၃၄၄၈ ဦးရှိပြီး အီတလီ၊ ဂရိနှင့် စပိန်နိုင်ငံတို့သည် ရွှေ့ပြောင်းနေထိုင်သူများအတွက် အဓိက ဝင်ရောက်ရာနေရာဖြစ်ကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့၏ အစီရင်ခံစာအရ သိရသည်။
ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အောင်ကျော်ကျော်
Source: ကြေးမုံသတင်းစာ