ရုရှားသမ္မတနှင့် တွေ့ဆုံရန် စီစဉ်နေကြောင်း ဒေါ်နယ်ထရမ့် ပြောကြား
ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် မိမိစီစဉ်နေကြောင်း၊ မည်သည့်အချိန်၌ တွေ့ဆုံကြမည်ဆိုသည်ကို မသတ်မှတ်ရသေးကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့တွင် သူ၏ Mar-a-Lago အပန်းဖြေစခန်း၌ မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။
ထိုကိစ္စနှင့်ပတ်သက်၍ TASS သတင်းဌာနက ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကို မေးမြန်းရာ မိမိတို့ခေါင်းဆောင်နှင့် ဒေါ်နယ်ထရမ့်တွေ့ဆုံရန် တရားဝင် ညှိနှိုင်းလာခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားထားပါသည်။
လာမည့် ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတရာထူး တာဝန်ယူမည့် ဒေါ်နယ်ထရမ့်အနေဖြင့် မကြာမီတွင် ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး စေ့စပ်ညှိနှိုင်းမည်ဟု ကတိပြုပြောကြားထားပြီး ယူကရိန်းအပေါ် အမေရိကန်က စစ်လက်နက်နှင့် ငွေကြေးများ ထောက်ပံ့ပေးနေမှုကို သံသယရှိကြောင်း မှတ်ချက်ပြုပြောကြားထားပါသည်။
“သမ္မတပူတင်နဲ့ တွေ့ချင်တဲ့ကိစ္စလူသိရှင်ကြားတောင် ပြောပြီးပါပြီ၊ ကျွန်တော်တို့ ဒီစစ်ပွဲကိုပြီးအောင်လုပ်ရပါမယ်၊ ဒါက သွေးထွက်သံယိုအရှုပ်အထုပ်ပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားထားပါသည်။
ဒေါ်နယ်ထရမ့်သည် ၎င်း၏ သမ္မတဒုတိယ သက်တမ်းအတွက် ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန်အဖြစ် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဟောင်းနှင့် အမေရိကန်စစ်တပ်၏ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး Keith Kellogg ကို ခန့်အပ်ထားပါသည်။
ကိုးကား(BBC)