ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကြား တွေ့ဆုံဆွေးနွေးမှု သဘောတူညီချက် မရသော်လည်း တိုးတက်မှုများရရှိ
အန်ကားရေ့၊ ချစ်ကြည်ရေး
ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့က ဩဂုတ် လ ၁၅ ရက်တွင် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် အန်ကားရေ့မြို့ရှိစစ်အခြေ စိုက်စခန်းတစ်ခု၌ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရာ နှစ်နိုင်ငံခေါင်းဆောင်များ ကြား သဘောတူညီချက် တစ်စုံတစ်ရာမရရှိသော်လည်း နှစ်နိုင်ငံကြား ဆက်ဆံရေးနှင့် ပတ်သက်၍ တိုးတက်မှုများ ရရှိခဲ့ကြောင်း သိရသည်။
ယခုဆွေးနွေးပွဲသို့ ဗလာဒီမာပူတင် တက်ရောက်မှုသည် ရုရှားနိုင်ငံ၏ အကြီး အကဲတစ်ဦးအနေဖြင့် ဆယ်စုနှစ်တစ်ခုနီးပါးကြာပြီးမှ အမေရိကန်သို့သွားရောက် ခြင်းဖြစ်သကဲ့သို့ ၂၀၂၁ ခုနှစ်နောက်ပိုင်း နှစ်နိုင်ငံသမ္မတများကြား ပထမဆုံးမျက်နှာချင်းဆိုင် တွေ့ဆုံမှုလည်းဖြစ်သည်။
မူလက သမ္မတနှစ်ဦးတည်း တွေ့ဆုံဆွေးနွေးမည်ဟု ခန့်မှန်းထားသော်လည်း တကယ်တမ်းတွင် တစ်ဖက်သုံးဦးစီဖြင့် ဆွေးနွေးမှုကို စတင်ခဲ့ခြင်းဖြစ်သည်။ ရုရှား ကိုယ်စားလှယ်အဖွဲ့က သမ္မတအပြင် နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့၊ သမ္မတရုံးမှ တာဝန်ရှိသူ ယူရီယူရှာကော့တို့တက်ရောက်ပြီး အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ထရမ့်အပြင် နိုင်ငံခြားရေးဝန်ကြီးမာ ကိုရူဘီယိုနှင့် သမ္မတ၏ အထူးကိုယ်စားလှယ် စတိဝစ်ကော့တို့ တက်ရောက်သည်။
ထို့နောက် နှစ်နိုင်ငံတာဝန်ရှိသူများက ဆွေးနွေးမှုများ လုပ်ဆောင်မှုအပြီးတွင် ပူတင်နှင့်ထရမ့်တို့က ပူးတွဲသတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပသည်။ ထိုသတင်း စာရှင်းလင်းပွဲတွင် ထရမ့်က ယခုဆွေးနွေး မှု၌ မည်သည့်တရားဝင် သဘောတူညီချက် မျှရရှိခြင်းမရှိသော်လည်း ကောင်းမွန်သော တိုးတက်မှုများရရှိပြီး အချက်အလက်များ စွာနှင့်ပတ်သက်၍ အပြန်အလှန်နားလည် မှုများရရှိခဲ့ကြောင်းပြောသည်။
ယင်းနောက် ပူတင်က ယူကရိန်းနိုင်ငံ အနေဖြင့် လုံခြုံရေးစိုးရိမ်မှု မရှိသင့်သည် ကိုသဘောတူကြောင်း၊ ယခုရရှိသည့်နားလည်မှုသည် ငြိမ်းချမ်းရေးဆီသို့ဦးတည် နိုင်စေမည်ဖြစ်ကြောင်း ပြောထားသည်။
ထို့ပြင် လက်ရှိဖြစ်ပျက်နေသောအရာ အားလုံးသည် အဖြစ်ဆိုးတစ်ခုဖြစ်သည့် အပြင် ဆိုးရွားလှသည့် ဒဏ်ရာတစ်ခုလည်း ဖြစ်ကြောင်းနှင့် ထိုအဖြစ်ဆိုးကြီးပြီးဆုံး စေရန် ရုရှားနိုင်ငံကစိတ်ရင်းဖြင့် အမှန်တကယ်ဆန္ဒရှိကြောင်း၊ ထို့ကြောင့် ပဋိ ပက္ခဖြစ်ပွားရသည့် အခြေခံအကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်ကြောင်းနှင့် ယူကရိန်းနိုင်ငံနှင့် ဥရောပရှိ နိုင်ငံများအနေဖြင့် အခွင့်အရေးကိုအမိ အရဆုပ်ကိုင်သင့်ကြောင်း ပူတင်ကဆက်ပြောထားသည်။
အလားတူ ယခုလုပ်ဆောင်သည့် ဆွေးနွေးမှုသည် ယူကရိန်းပဋိပက္ခကို ဖြေရှင်း ရေးအတွက်သာမက ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ကြား လက်တွေ့ဆန်ကာ အကျိုးရှိသော ဆက်ဆံရေးကို ပြန်လည် ထိန်းသိမ်းနိုင်ရေးအတွက် စမှတ်တစ်ခုဖြစ်ကြောင်း၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့ကြား ကုန်သွယ်ရေး၊ အဆင့်မြင့်နည်းပညာ၊ အာကာသလေ့လာရေးနှင့် အာတိတ်ဒေသဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းမှုများ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပူတင်ကပြောသည်။
ရုရှားနှင့်အမေရိကန်တာဝန်ရှိသူများ ကြား ဆွေးနွေးမှုသည် အချိန်အားဖြင့် သုံးနာရီကြာမြင့်ပြီး သတင်းစာ ရှင်းလင်းပွဲကို ၁၂ မိနစ်ကြာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ပူတင်နှင့်ထရမ့်တို့သည် သတင်း ထောက်များကို မေးခွန်းများ မေးခွင့်မပြု ခဲ့ကြောင်းသိရသည်။ ခေါင်းဆောင်နှစ်ဦး အနေဖြင့် အချိန်ကြာမြင့်စွာ ဆွေးနွေးမှုများ လုပ်ဆောင်ထားကြောင်း၊၎င်းတို့ပြောသွားသည့် အချက်များသည် ဆွေးနွေးပွဲ၏ အနှစ်ချုပ်များဖြစ်သောကြောင့် သတင်းထောက်များကို မေးခွန်းမေးခွင့်မပြုခြင်း ဖြစ်ကြောင်း ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောသည်။
ထရမ့်က ပူတင်နှင့်ဆွေးနွေးပွဲ အပြီး၌ Fox News သတင်းဌာနနှင့် အင်တာဗျူး လက်ခံဖြေကြားစဉ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရေးသည် ယူကရိန်း သမ္မတ ဇီလန်စကီအပေါ်တွင်သာ မူတည်တော့ကြောင်း၊ ရုရှားနှင့် ယူကရိန်းတို့ကြား နယ်မြေလဲလှယ်မှု၊ လုံခြုံရေးအာမခံမှုတို့နှင့် ပတ်သက်၍ ပူတင်နှင့်တွေ့ဆုံစဉ် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ပြောသည်။
ထို့အတူ မကြာမီအချိန်တွင် ပူတင်၊ ဇီလန်စကီနှင့် ၎င်းကိုယ်တိုင်ပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ် ပေါ်ထွက်လာမည်ဖြစ်ကြောင်း ထရမ့်က အင်တာဗျူးတွင် ပြောထားသည်။
အမေရိကန်နိုင်ငံအနေဖြင့် ရုရှားအစိုးရ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဧည့်ဝတ် ကျေပွန်လွန်းစွာ ဧည့်ခံကြောင်း၊ အတိုက်အခံများ ရှိနေသည့်ကြားမှ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ဆက်လက်တည်ဆောက် သွားမည်ဖြစ်ကြောင်း ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ အမှုဆောင်အရာရှိချုပ် ကီရေးမီထရိကပြောထားသည်။
နှစ်နိုင်ငံ ခေါင်းဆောင်များသည် ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် အလက်စကာပြည်နယ်မှ ကိုယ်စီပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
MWD