နေတန်ယာဟုက ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်မည် မဟုတ်ဟုဆို
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လာမည့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်မည့် အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်နိုင်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ်၏ အကြီးတန်းအရာရှိတစ်ဦး၏ အဆိုကိုကိုးကားပြီး The Times of Israel သတင်းဌာနက ဇန်နဝါရီ ၉ ရက်နေ့ တွင် ဖော်ပြခဲ့ပါသည်။
လာမည့်ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတလောင်း ဒေါ်နယ်ထရမ့်က မြို့တော်ဝါရှင်တန်ဒီစီ၏ လွှတ်တော်အဆောက်အုံတွင် အမေရိကန်နိုင်ငံ၏ ၄၇ ယောက်မြောက်သမ္မတရာထူးအတွက် တရားဝင်ကျမ်းသစ္စာ ကျိန်ဆိုမည် ဖြစ်သည်။ အဆိုပါကျမ်းသစ္စာကျိန်ဆိုပွဲသို့ အစ္စရေးကဲ့သို့ အမေရိကန်အထောက်အပံ့ခံ နိုင်ငံများ၏ နိုင်ငံ့ခေါင်းဆောင်များ မဖြစ်မနေ တက်ရောက်ကြပါသည်။ သို့သော် နေတန်ယာဟုက အဆိုပါပွဲကို တက်ရောက်နိုင်ခြင်းမရှိကြောင်း ပြောကြားထားပြီး နေတန်ယာဟု၏ အကြီးတန်းလက်ထောက်က ဝန်ကြီးချုပ်၏ ခရီးစဉ်ကို အဘယ်ကြောင့် ဖျက်သိမ်းခဲ့ရသည်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိသော်လည်း အချို့သော မီဒီယာများက အစ္စရေးဝန်ကြီးချုပ်၏ ဆီးကျိတ် ခွဲစိတ် ကုသမှုခံယူထားရသဖြင့် ကျန်းမာရေးအရ အနားယူရန် အတွက် ခရီးစဉ်ကို ဖျက်သိမ်းကြောင်း ဖော်ပြကြသည်။
ယခု ဖျက်သိမ်းလိုက်သည့် နေတန်ယာဟု၏ ဝါရှင်တန် ခရီးစဉ်သည် ၎င်းအား နိုင်ငံတကာရာဇဝတ်မှု ရုံး ICC က ဖမ်းဝရမ်းထုတ်ပြီးနောက် ပထမဆုံးပြည်ပ ခရီးစဉ် ဖြစ်ပါသည်။ ၎င်းနှင့်ကာကွယ်ရေးဝန်ကြီးဟောင်း ဂေါ်လန်တို့အား လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာမှုနှင့် တရားစွဲဆိုထားပြီး နိုဝင်ဘာလတွင် ဖမ်းဝရမ်းထုတ်ခံထားရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာအပြင် အဖွဲ့ဝင်နိုင်ငံများအချင်းအချင်းတွင်ပင် သဘောထား ကွဲလွဲမှုများဖြစ်နေပါသည်။ ICC အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဟန်ဂေရီက ဖမ်းဝရမ်းကို လိုက်နာဆောင်ရွက်မည် မဟုတ်ကြောင်း ကြေညာခဲ့ပါသည်။
ထရမ့်နှင့် နေတန်ယာဟုအကြား ဆက်ဆံရေးသည် အထူးကောင်းမွန်ကြောင်း သိရှိရပြီး ထရမ့်က အစ္စရေးနှင့်အမေရိကန် ဓားစားခံများကို ဟားမတ်စ် လက်နက်ကိုင်အကြမ်းဖက်သမားများက ပြန်လည်လွှတ်ပေးခြင်းမရှိပါက အရှေ့အလယ်ပိုင်းဒေသအား ငရဲကျသွားစေမည်ဖြစ်ကြောင်း လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက ကြိမ်းဝါးထားသည်။
ကိုးကား-Myanmar National Post