လော့စ်အိန်ဂျလိစ် တောမီးကြောင့် သေဆုံးသူဦးရေ ၂၄ ဦးအထိ မြင့်တက်လာပြီး အများအပြား ပျောက်ဆုံးနေဆဲဖြစ်ကာ လေပြင်းများကြောင့် မီးတောက်များ ပိုမို ပြင်းထန်လာဖွယ်ရှိနေ

News Image

  • လော့စ်အိန်ဂျလိစ် တောမီးကြောင့် သေဆုံးသူဦးရေ ၂၄ ဦးအထိ မြင့်တက်လာပြီး အများအပြား ပျောက်ဆုံး နေဆဲဖြစ်ကာ လေပြင်းများကြောင့် မီးတောက်များ ပိုမို ပြင်းထန်လာဖွယ်ရှိနေ

လော့စ်အိန်ဂျလိစ်တွင် ကြီးမားသော တောမီးလောင်ကျွမ်းမှုအတွင်း  ယခုအချိန်အထိ လူ ၂၄ ဦး သေဆုံးခဲ့ပြီး မီးလောင်ကျွမ်းမှု ပိုမိုပြင်းထန်လာနိုင်သည့် အန္တရာယ်ရှိ သောလေပြင်းများ ဝင်ရောက်လာနိုင်ကြောင်း သတိပေးထားသည်။

ခြောက်ရက်မြောက်နေ့တွင် အမေရိကန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့၌ မီးလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပွားခဲ့ပြီး ဧရိယာတစ်ခုလုံးနီးပါး လောင်ကျွမ်းပျက်စီးသွားကာ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom က တောမီးသည် အမေရိကန်သမိုင်းတွင်အဆိုးရွားဆုံးသဘာဝဘေးဖြစ်ပြီး အိမ်ခြေ ထောင်ပေါင်းများစွာ ပျက်စီးကာ လူပေါင်း ၁,၀၀၀,၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ပြောကြားခဲ့သည်။

မီးငြှိမ်းသတ်ရေးကြိုးပမ်းမှုများသည် ပါလီဆိတ်ဒေသ တောမီးပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း တောမီးသည် ဘရန့်ဝုဒ်နှင့်လူဦးရေ ထူထပ်သော ဆန်ဖာနန်ဒို တောင်ကြားဆီသို့ ဦးတည်သွားခဲ့သည်။

လာမည့်ရက်များအတွင်း ပြင်းထန်သော မီးလောင်ကျွမ်းမှုများနှင့်အတူ အသက်အန္တရာယ်ရှိသော အခြေအနေများ ဆိုးရွားစွာကြုံတွေ့လာနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။

လေပြင်းတိုက်ခတ်မှုနှုန်း တစ်နာရီလျှင် မိုင် ၇၀ (၁၁၀ ကီလိုမီတာ) အထိ တိုက်ခတ်နိုင်ပြီး အန္တရာယ်ရှိသောအခြေအနေ (PDS) ကို ဇန်နဝါရီ ၁၄ ရက်နေ့ အစောပိုင်းတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း အမျိုးသားမိုးလေဝသဌာနမှ မိုးလေဝသပညာရှင် ရို့စ်ဆန်ချိုရန်ဖဲ က ပြောကြားခဲ့သည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် မီးတောက်များကိုဖြစ်ပေါ်စေပြီး လက်ရှိလောင်ကျွမ်းလျက်ရှိသော ဇုန်များမှ မီးတောက်များကို နေရာသစ်များသို့ တွန်းပို့သကဲ့သို့ဖြစ်နိုင်ကြောင်း မီးသတ်သမားများက သတိပေးထားသည်။

လော့စ်အိန်ဂျလိစ် မီးသတ်ဌာနက ၎င်းတို့သည် အခြားဒေသများမှ ရေထရပ်ကားများနှင့် မီးသတ်သမား ဒါဇင်ပေါင်းများစွာအပါအဝင် ထောက်ပံ့မှုများကို လက်ခံရရှိခဲ့ပြီး ထပ်မံဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များကိုရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

ကိုးကား-Myanmar National Post