ဆီးရီးယားပြည်သူများအား လူသားချင်းစာနာမှု အကူအညီများပေးအပ်ရေးအစီအစဉ်ကို မထိခိုက်စေသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကိုသာ ပြုလုပ်သွားကြရန် ဂျာမနီ အဆိုပြု
ဆီးရီးယားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် အာဆတ်အစိုးရအဖွဲ့ဝင်များကို အရေးယူပိတ်ဆို့မှုများ ဆက်လက်ပြုလုပ်သွားကြရန်နှင့် ပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကို မထိခိုက်စေသည့် ဒဏ်ခတ် ပိတ်ဆို့မှုများကိုသာ ပြုလုပ်သွားကြရန် ဇန်နဝါရီ ၁၂ ရက်နေ့က ဆော်ဒီအာရေဗျနိုင်ငံ၊ ရီးယာဒ်မြို့တွင် ဆီးရီးယားနိုင်ငံ အရေးဆွေးနွေးကြသည့် အစည်းအဝေး၌ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က တက်ရောက်လာသူ ဥရောပနှင့်အရှေ့အလယ်ပိုင်းနိုင်ငံများမှ ထိပ်တန်းသံတမန်များအား အဆိုပြုပြောကြား လိုက်ပါသည်။
ဂျာမနီသည် ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် အာဆတ်အစိုးရ အဖွဲ့ဝင်များကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံ များတွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။
၁၄ နှစ်ကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် ခန့်မှန်းခြေလူဦးရေ ၅ သိန်းခန့် သေဆုံးခဲ့ရပြီး၊ အဆိုပါ ပြည်တွင်းစစ်နှင့် ပြည်ပနိုင်ငံများ၏ ကာလရှည်ကြာ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ဆီးရီးယားနိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေနိုင်ပြီး နိုင်ငံလူဦးရေ ၂၃ သန်းခန့်၏ တစ်ဝက်ခန့်မှာလည်း အိုးမဲ့အိမ်မဲ့ဖြစ်လာနိုင်ဖွယ်ရှိကြောင်း၊ လက်ရှိ ဆီးရီးယားနိုင်ငံ အာဏာအလွှဲအပြောင်းဖြစ်စဉ်မှ ဆီးရီးယားပြည်သူများအတွက် ရလဒ်ကောင်းများ အလျင်အမြန်ရရှိရန် လိုအပ်နေကြောင်း သူမက ပြောကြားလိုက်ပါသည်။
ကိုးကား- ABC