ကွန်ပျူတာ Chip များအား ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့မှုကန့်သတ်ခြင်း အပေါ် စိုးရိမ်မိဟု ဥရောပ ကော်မရှင်ပြော

News Image

  • ကွန်ပျူတာ Chip များအား ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့မှုကန့်သတ်ခြင်း အပေါ် စိုးရိမ်မိဟု ဥရောပ ကော်မရှင်ပြော

အမေရိကန်ပြည်ထောင်စုက  AI အဆင့်မြင့်နည်းပညာသုံး ကွန်ပျူတာ Chip များအား ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ခြင်းအား ကန့်သတ်သည့် လုပ်ဆောင်ချက်နှင့်စပ်လျဉ်း၍  စိုးရိမ်မကင်းဖြစ်မိကြောင်း ဥရောပကော်မရှင်မှ တာဝန်ရှိသူများက ပြောသည်။

အမေရိကန်အစိုးရသည်  ၎င်းတို့၏ AI Chip များအား  သတ်မှတ်ထားသည့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် ယင်းနိုင်ငံများ၏ ကုမ္ပဏီများထံသို့သာ  တင်ပို့မည့် ကန့်သတ်ချက်ကို ဇန်နဝါရီလ ၁၃ ရက်တွင် ချမှတ်လိုက်ပြီး ယင်းသို့သော ကန့်သတ်ချက်များကြောင့် ဥရောပသမဂ္ဂအနေဖြင့် စိုးရိမ်မိကြောင်း  ဥရောပကော်မရှင်မှ  ဒုတိယ အမှုဆောင်ဥက္ကဋ္ဌ  ဟန်းနားဗာ့ကူနင်နှင့် ကော်မရှင်နာ မားကို့စ် ဆက်ဖ်ကိုဗစ်တို့က ပူးတွဲထုတ်ပြန်သည့်  ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရသည် နည်းပညာ ထုတ်လုပ်ရာတွင် အသုံးပြုသည့်ကွန်ပျူတာ Chip များအား အထူးသဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းကို ကန့်သတ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ဆောင်ချက်သည် ကမ္ဘာ့ကွန်ပျူတာ Chip ဈေးကွက်အပေါ်သို့ပါ သက်ရောက်စေခဲ့သည်။

အမေရိကန်အစိုးရက  ယခုချမှတ်လိုက်သည့်   ကန့်သတ်ချက်များသည် တစ်နှစ်အတွင်း အသက်ဝင်လာမည်ဖြစ်ပြီး အမေရိကန်က အတည်ပြုထားသည့် လုံခြုံရေးဆိုင်ရာ   စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့်နိုင်ငံများသို့သာ ကွန်ပျူတာ Chip တင်ပို့မှု ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ 

Source: Myawady Web Portal