ဒုတိယသမ္မတဆာရာဒူတာတေးအား စွပ်စွဲပြစ်တင်မှုကို ဆန့်ကျင်ကြောင်း မနီလာတွင် လူ ၁.၈ သန်းကျော် စုဝေးဆန္ဒပြ
ဇန်နဝါရီ ၁၃ ရက်က ဖိလစ်ပိုင်နိုင်ငံတွင်ကြီးမားသော လူထုဆန္ဒပြပွဲကြီးတစ်ခုကိုတွေ့မြင်ခဲ့ရပြီး ဒုတိယသမ္မတ ဆာရာဒူတာတေးအပေါ် စွပ်စွဲပြစ်တင်သည့် အမှုများကို မကျေနပ်သည့်အတွက် ဘာသာရေးအရ ဩဇာလွှမ်းမိုးမှုရှိသော ခရစ်ယာန်အဖွဲ့ Iglesia ni Cristo (INC) ၏ အဖွဲ့ဝင် ၁.၈ သန်းနီးပါးက မြို့တော် မနီလာရှိ သမိုင်းဝင် Quirino Grandstand နှင့် အနီးတစ်ဝိုက်ရှိ လမ်းမများပေါ်တွင် စုဝေးဆန္ဒပြကြခြင်း ဖြစ် သည်။
ဆန္ဒပြပွဲတွင် ပါဝင်သူများမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးသော်လည်း ဖိလစ်ပိုင်နိုင်ငံ၏ အခြားမြို့ ၁၂ မြို့တွင်လည်း ၂.၈ သန်းပါဝင်သောလူအုပ်ကြီးက အလားတူဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။
ဖိလစ်ပိုင်ဒုသမ္မတ မစ္စဆာရာဒူတာတေးနှင့် သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာတို့နှစ်ဦးအကြား ဆက်ဆံရေးတင်းမာနေပြီး လက်ရှိဆန္ဒပြပွဲများမှာ မစ္စဒူတာတေးအား ထောက်ခံကြောင်း အင်အားတောင့်တင်းသည့် ခရစ်ယာန်အသင်းတော်က ဦးဆောင်ဆန္ဒပြခြင်းဖြစ်သည်ဟု လေ့လာသူများက ပြောကြားနေကြ ပါသည်။
မနီလာတွင်ပြုလုပ်သည့် လူထုဆန္ဒပြပွဲသို့ ဆာရာ ဒူတာတေးကိုယ်တိုင် မတက်ရောက်ခဲ့သော်လည်း ဆန္ဒပြပွဲပြီးဆုံးပြီးနောက် မကြာမီ “ထိုအရာက ကျွန်မတို့ နိုင်ငံအကျိုးစီးပွားအတွက် ငြိမ်းချမ်းရေးလိုလားသူများ၏ စည်းလုံးညီညွတ်မှုနှင့်ပူးပေါင်းမှုကိုဖော်ပြသော ထိရောက်မှုရှိသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း” သူမကိုယ်တိုင်ပြောဆိုထားသည့် ရုပ်သံဗွီဒီယိုတစ်ခုအား သူမ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ထုတ်လွှင့်ခဲ့ပါသည်။
ကိုးကား- The Straits times