မြန်မာ-ထိုင်းနယ်စပ်၌ ထိုင်းနိုင်ငံမှ လျှပ်စစ်မီး ရယူထားသည့်မြို့များတွင် ယနေ့မှစ၍ မီးပြတ်နေ
မြန်မာ-ထိုင်းနယ်စပ်၌ ထိုင်းနိုင်ငံမှ လျှပ်စစ်မီးရယူထားသည့် မြဝတီမြို့၊ ရွှေကုက္ကိုမြို့၊ တာချီလိတ်မြို့နှင့် ဘုရားသုံးဆူမြို့များတွင် ဖေဖော်ဝါရီလ ၅ရက်၊ နံနက်ပိုင်းမှစ၍ လျှပ်စစ်မီးပြတ်တောက်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မြန်မာနိုင်ငံတွင်းရှိ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် နေရာ(၂)နေရာ၊ မွန်ပြည်နယ်၊ ဘုရားသုံးဆူဒေသ၊ ကရင်ပြည်နယ် မြဝတီမြို့နယ်တွင်းရှိ နေရာ(၂)နေရာတို့သည် ထိုင်းနိုင်ငံမှပေးပို့သော လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲနေရခြင်းဖြစ်ကြောင်း သိရသည်။ “လျှပ်စစ်မီး သည် ထိုင်းစံတော်ချိန် ၉နာရီ၊ မြန်မာစံတော်ချိန် ၈နာရီ ခွဲမှာစပြီး ပြတ်သွားခြင်းဖြစ်ကြောင်း” ဘုရားသုံးဆူ ဒေသခံအမျိုးသားတစ်ဦးက NP News ကို ပြောသည်။
ထို့ပြင် ထိုင်းဘက်မှ နယ်စပ်ဂိတ်တွင် လုံခြုံရေး တင်းကျပ်စွာချထားသည်များ ရှိကြောင်းလည်း သိရသည်။ အလားတူ တာချီလိတ်မြို့တွင်လည်း ယနေ့နံနက်ပိုင်း မှစ၍ အမှတ် (၁) ချစ်ကြည်ရေးတံတားထိပ်နှင့် Mungdang ရပ်ကွက်တို့ရှိ အဓိက လျှပ်စစ်မီးဓာတ်အား သွယ်တန်းထားသောနေရာတို့ မီးဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ မြဝတီမြို့၊ ရွှေကုက္ကိုနှင့် KK Park ဒေသသို့ပေးထားသော လျှပ်စစ်မီးဖြတ်တောက်ရန် ထိုင်းအစိုးရမှ PEA (ပြည်နယ်လျှပ်စစ်အာဏာပိုင်)ကို ပြီးခဲ့သည့်ရက်ပိုင်းက အမိန့်ပေးခဲ့ပြီး လက်ရှိတွင်လျှပ်စစ်မီးများ စတင်ဖြတ်တောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်ကလည်း မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ မြဝတီမြို့နယ်အတွင်းမှ ကျားဖြန့်ဂိုဏ်းများ ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အားကို ရယူအသုံးပြုနေကြောင်း သံသယရှိသည့် ဧရိယာတစ်ဝိုက်ကို လျှပ်စစ်မီး (၅၀) ရာခိုင်နှုန်းအထိ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ကိုးကား-NP News