ပုဂံမြို့ဟောင်း သရပါတံခါးကို ယာယီပိတ်မည်
ပုဂံအမွေအနှစ်ဒေသအတွင်းရှိ ပုဂံမြို့ဟောင်း သရပါ တံခါးအား ဖေဖော်ဝါရီ ပထမပတ်ကစတင်ကာ မတ်လ စတုတ္ထပတ်အထိ ခေတ္တယာယီပိတ်ထားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။ ပုဂံဒေသ အတွင်း ရေကြီး၊ ရေဝပ်ခြင်းများ လျော့ချနိုင်စေရန်နှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် ပုဂံမြို့ဟောင်း သရပါတံခါးကို ခေတ္တ ပိတ် ထားမည်ဖြစ်ကြောင်း သိရသည်။
“သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတစ်ရပ်အနေဖြင့် ပုဂံဒေသအတွင်း ရေကြီးရေဝပ်ခြင်းများ လျှော့ချ နိုင်ရန်နှင့် ရေစီးရေလာကောင်းမွန်ရန် ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် ပုဂံခေတ် မူလရေလမ်းကြောင်းများကို ပြန်လည် ဖော်ထုတ်ထိန်းသိမ်းသည့် လုပ်ငန်းများ ပါဝင်သော ကျုံးမှ ဧရာဝတီမြစ်အထိ စီးဆင်းရေ လမ်းကြောင်းရှိ ကျုံးဧရိယာကို ရေစီးဆင်းမှုကောင်းမွန်စေရန် ဆောင်ရွက် နေခြင်းဖြစ်သလို၊ လိုအပ်သည့်နေရာများတွင် ရေပြွန်များ ပြုပြင်ခြင်းများကို ၂၀၂၅ခုနှစ် ၊ ဖေဖော်ဝါရီ ပထမ ပတ်ကနေ မတ်လ စတုတ္ထပတ်အတွင်း လုပ်ဆောင် သွားမည်ဖြစ်ပါသည်။ ထို့အတွက် ပုဂံမြို့ဟောင်း သရပါ တံခါးကို ခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်း” ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က ထုတ်ပြန်ပြောကြားထားသည်။
ယင်းကဲ့သို့ လုပ်ဆောင်စဉ်ကာလအတွင်း လမ်း အသုံးပြုခြင်းများ ခေတ္တယာယီပိတ်ထားမည်ဖြစ်သည်။ လမ်းအသုံးပြုခြင်း ခေတ္တယာယီပိတ်ထားသည့် ကာလ အတွင်း အများပြည်သူသွားလာနိုင်စေရန်အတွက် ညောင်ဦးမြို့မှတစ်ဆင့် ပုဂံမြို့ဟောင်းသို့သွားရောက်လိုသူများသည် သရပါတံခါးအရှေ့ဘက်ရှိ အာနန္ဒာဘုရားအဝင်လမ်းမှတစ်ဆင့် အနော်ရထာလမ်းမကြီး၊ တစ်ဖန် ပုဂံမြို့ဟောင်းလမ်းအတိုင်း သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဧရာဝတီမြစ်ဆိပ်မှတစ်ဆင့် ပုဂံမြို့ဟောင်းသို့ သွားရောက်မည့်သူများအတွက် မြောက်ဘက်ကျုံးဘေးလမ်းရှိ တောင်ဘီရွာအတွင်းလမ်းမှဖြစ်စေ၊ သရပါဟိုတယ်အနောက်ဘက်လမ်းမှဖြစ်စေ ဖြတ်သန်း သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
သွားလာသူများ အဆင်ပြေစေရန်အတွက် ဖြတ်သန်းသွားလာနိုင်မည့် လမ်းကြောင်းပြ အသိပေးဆိုင်းဘုတ်များကိုလည်း အများပြည်သူမြင်သာသည့်နေရာများ၌ စိုက်ထူပေးထားမည်ဖြစ်ကြောင်း သိရသည်။ ပုဂံဒေသ ၏ အမွေအနှစ်တစ်ရပ်ဖြစ်သည့် သရပါတံခါး၊ နတ် မောင်နှမနတ်ကွန်းများကို အနော်ရထာမင်းနှင့် ကျန်စစ်မင်းနန်းတော်ရာ အနောက်ဘက်ကားလမ်းမှ တစ်ဆင့် လာရောက်ပူဇော်နိုင်မည်ဖြစ်ပြီး ရိုးရာ အစဉ်လာမပျက် အများပြည်သူ ပူဇော်ပသနိုင်ရန် အတွက်လည်း သီးသန့်ဧရိယာများ ထားရှိပေးသွားမည်ဟုရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရသည်။
ကိုးကား-NP News