ခေါင်းကိုက်ရောဂါလူနာများက ကိုယ့်ကိုယ်ကို အဆုံးစီရင်နိုင်ခြေ ပို၍ မြင့်မားနိုင်ဖွယ်ရှိ
ကိုပင်ဟေဂင် ဖေဖော်ဝါရီ ၁၁
ခေါင်းကိုက်ရောဂါ ခံစားနေရသူများသည် ကိုယ့်ကိုယ်ကို အဆုံးစီရင်နိုင်ခြေ သာမန်လူများထက် ပို၍မြင့်မားနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်၏ အဆိုကိုကိုးကား၍ ဖေဖော်ဝါရီ ၁၀ ရက်သတင်းများအရ သိရသည်။
ခေါင်းကိုက်ရောဂါကြောင့် အဆက်မပြတ်နာကျင်ကိုက်ခဲနေရသူများသည် ပုံမှန်လူများနှင့် နှိုင်းယှဉ်ပါက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုပမ်းလာနိုင်ခြေ နှစ်ဆပိုမြင့်မားကြောင်း အမေရိကန်နှင့် ဒိန်းမတ်သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။
အမေရိကန်နှင့် ဒိန်းမတ်သုတေသနပညာရှင်များသည် ခေါင်းကိုက်ရောဂါရှိသူ အသက် ၁၅ နှစ်နှင့်အထက် လူပေါင်း ၁၂၀၀၀၀ တို့ကို ခေါင်းကိုက်ရောဂါမရှိသူများနှင့် နှိုင်းယှဉ်လေ့လာခဲ့ကြကြောင်း၊ လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ ခေါင်းကိုက်ရောဂါဝေဒနာရှင်များ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးပမ်းလာနိုင်သည့် အလားအလာမှာ သာမန်လူများထက် ပိုမိုမြင့်မားနေသည်ဟု သုတေသနပညာရှင်များက သုံးသပ်ထားကြောင်း သိရသည်။
ခေါင်းကိုက်ရောဂါကို ထိရောက်စွာ ကုသပေးခြင်းဖြင့် လူနာများကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးပမ်းလာနိုင်ခြေကို လျှော့ချပေးနိုင်မည်ဖြစ်သည်ဟု သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ