နီပေါဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းက အိမ်ရှင်နီပေါအမျိုးသမီးအသင်းကို အနိုင်ရရှိပြီး ချန်ပီယံဆုဆွတ်ခူး
ရန်ကုန် ဖေဖော်ဝါရီ ၂၆
နီပေါနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် နီပေါဖိတ်ခေါ်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ယနေ့မြန်မာစံတော်ချိန် ည ၆ နာရီ ၄၅ မိနစ်တွင် မြန်မာအမျိုးသမီးအသင်းနှင့် နီပေါအမျိုးသမီးအသင်းတို့ကစားခဲ့ရာ မြန်မာအမျိုးသမီးအသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် အိမ်ရှင် နီပေါအမျိုးသမီးအသင်းနှင့်အတူ မြန်မာအမျိုးသမီးအသင်း၊ လက်ဘနွန်အမျိုးသမီးအသင်းနှင့် ကာဂျစ်စတန်အမျိုးသမီးအသင်း စသည့် အသင်းလေးသင်းဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက နှစ်သင်းစလုံးအပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့သည့်အတွက် ပထမပိုင်းတွင် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သော်လည်း ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် မြန်မာအမျိုးသမီးအသင်းက ပိုမိုတိုက်စစ်ဆင် ဖိအားပေးကစားခဲ့ရာမှ ပွဲချိန် ၆၁ မိနစ်တွင် ရူပါခိုင်ကလည်းကောင်း၊ ပွဲချိန် ၆၃ မိနစ်တွင် ဝင်းသိင်္ဂီထွန်းကလည်းကောင်း မြန်မာအမျိုးသမီးအသင်းအတွက် ဦးဆောင်ဂိုးများသွင်းယူပေးနိုင်ခဲ့သောကြောင့် ပွဲပြီးဆုံးချိန်တွင် မြန်မာအမျိုးသမီးအသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။
မြန်မာအမျိုးသမီအသင်းသည် အုပ်စုပွဲစဉ်များကစားခဲ့ရာ လက်ဘနွန်အမျိုးသမီးအသင်းကို သုံးဂိုးတစ်ဂိုး၊ ကာဂျစ်စတန် အမျိုးသမီးအသင်းကို ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး နီပေါအသင်းနှင့်ပွဲစဉ်တွင် နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့သော်လည်း ဗိုလ်လုပွဲစဉ်တွင် နီပေါအမျိုးသမီးအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
STA
Source: ရတနာပုံသတင်းစာ