DEMU ရထားနှင့် လေအိတ်ရထားများဖြင့်ပြေးဆွဲမည့် ရန်ကုန်- မန္တလေး ခရီးစဉ်အစအဆုံးအတွက် အချိန် ၁၁ နာရီသာ ကြာမြင့်မည်
DEMU ရထားနှင့် လေအိတ်ရထားများဖြင့်ပြေးဆွဲမည့် ရန်ကုန်- မန္တလေး ခရီးစဉ်အစအဆုံးအတွက် အချိန် ၁၁ နာရီသာ ကြာမြင့်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ရန်ကုန် - နေပြည်တော် ခရီးစဉ်အမှတ် (၇) အဆန်ရထားနှင့် နေပြည်တော် - ရန်ကုန် ခရီးစဉ်အမှတ် (၈) အစုန် လူစီးရထားများကို ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့်လည်းကောင်း၊ မန္တလေး - နေပြည်တော် ခရီးစဉ်အမှတ် (၂၈) အစုန်နှင့် နေပြည်တော် - မန္တလေး ခရီးစဉ်အမှတ် (၂၇) အဆန် လူစီးရထားများအား လေအိတ်ရထားတွဲဆိုင်းဖြင့် လည်းကောင်း ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ကာ ချိတ်ဆက်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အမှတ် (၇) အဆန် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထား သည် နံနက် ၆ နာရီတွင် ရန်ကုန်ဘူတာမှ စတင်ထွက်ခွာ၍ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ် (၂၇) အဆန် လေအိတ်ရထားသည် နေ့လယ် ၁၂ နာရီတွင် နေပြည်တော် ဘူတာမှ စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အမှတ် (၂၈) အစုန် လေအိတ်ရထားသည် နံနက် ၆ နာရီတွင် မန္တလေးဘူတာမှ စတင်ထွက်ခွာပြီး နံနက် ၁၁ နာရီတွင် နေပြည်တော် ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ကာ အမှတ် (၈) အစုန် လေအေးပေးစက် ပါရှိသော ခေတ်မီ DEMU ရထားသည် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် ဘူတာမှ စတင်ထွက်ခွာ၍ ညနေ ၅ နာရီခွဲတွင် ရန်ကုန် ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
လက်မှတ်နှုန်းထားအနေဖြင့် ရန်ကုန် - နေပြည်တော်၊ နေပြည်တော် - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားတွင် ပထမတန်း ငွေကျပ် ၁၉၀၀၀၊ အထက်တန်းငွေကျပ် ၂၈၀၀၀နှင့် မန္တလေး - နေပြည်တော်၊ နေပြည်တော် - မန္တလေး ခရီးစဉ်အတွက် လေအိတ်ရထားတွင် ရိုးရိုးတန်းငွေကျပ် ၇၀၀၀၊ အထက်တန်း ငွေကျပ် ၁၁၀၀၀ ဖြစ်ကြောင်း သိရသည်။
ခရီးသည်များအနေဖြင့် ရန်ကုန် - မန္တလေးနှင့် မန္တလေး - ရန်ကုန် ခရီးစဉ် အစအဆုံး လက်မှတ်ဝယ်ယူနိုင်ပြီး ပထမတန်း / ရိုးရိုးတန်း ငွေကျပ် ၂၆၀၀၀၊ အထက်တန်းငွေကျပ် ၃၉၀၀၀ ဖြစ်ကာ လက်မှတ်များကို သုံးရက် ကြိုတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးသည်များအနေဖြင့် အဆိုပါ DEMU ရထားနှင့် လေအိတ်ရထားများအား နေပြည်တော်ဘူတာတွင် ပြောင်းလဲ စီးနင်းနိုင်ကာ ခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာတို့၌ ရပ်တန့်ပေးသွား မည်ဖြစ်ကာ ခရီးစဉ်အစအဆုံး ဘူတာများတွင် ရပ်တန့်ချိန်အပါအဝင် ပြေးဆွဲချိန် ၁၁ နာရီသာ ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
ကိုးကား - NP News