ကံစမ်းမဲပေးပြီး ရွှေအရောင်း၊ အဝယ်ပြုလုပ်နေသော ရွှေဆိုင်များ အရေးယူခြင်းများရှိလာနိုင်

News Image

  • ကံစမ်းမဲပေးပြီး ရွှေအရောင်း၊ အဝယ်ပြုလုပ်နေသော ရွှေဆိုင်များ အရေးယူခြင်းများရှိလာနိုင်

ကံစမ်းမဲပေးပြီး ရွှေအရောင်း၊ အဝယ်ပြုလုပ်နေသည့် ရွှေဆိုင်များ အရေးယူခံရခြင်းများ ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ် (FMGEA)ထံမှ သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်တွင် ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါအမိန့်ကြော်ငြာစာတွင် “လုပ်ငန်းလိုင်စင်ရရှိသည့်ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီသည် ရွှေရောင်းဝယ် ရာတွင် မရိုးဖြောင့်သောသဘောဖြင့် အခြားပစ္စည်းများ၊ ကံစမ်းမဲများပေး၍ ဈေးနှုန်းတက်နိုင်သည့် အလား သဏ္ဍန်ဆောင်သော နည်းလမ်းများဖြင့် ရောင်းဝယ်ခြင်းမပြုရ” ဟု ပါရှိသည်။ ထို့ကြောင့် မလိုလားအပ်သည့် ကိစ္စရပ်များ မဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ်(FMGEA)မှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်တွင် အဆိုပါ အမိန့်ကြော်ငြာစာကို တိကျစွာ လိုက်နာရန် ထပ်ဆင့်အသိပေးထားသည်။ ဈေးကွက်ထဲ၌ ယခင်ကပင် ကြော်ငြာဖြင့်ရောင်းသည့် ဆိုင်များရှိခဲ့ရာ နောက်ပိုင်းကာလများတွင် ကံစမ်းမဲပေးကာ ရွှေအရောင်းအဝယ်ပြုလုပ်နေသည့်ဆိုင်များလည်း တွင်တွင်ကျယ်ကျယ် ပေါ်ပေါက်လျက် ရှိသည်။

“ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်ပြီး ထုတ်ထားသည့် ညွှန်ကြားချက်များတွင် အဆိုပါ အချက်ပါဝင်ပါကြောင်း၊ ထိုအချက်ကို အသင်းချုပ်က ထပ်ဆင့်ညွှန်ကြားသည့် သဘောဖြစ်ပါကြောင်း၊ အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေထုတ်ပြန် နောက်ပိုင်း ရွှေစံချိန်စံညွှန်း၊ ရွှေဈေးနှုန်းနှင့်ပတ်သက်သည့် ညွှန်ကြားချက်များ ထွက်ထားပါကြောင်း၊ ထိုညွှန်ကြားချက်အရ မရိုးဖြောင့်သည့် သဘောဖြင့် ကံစမ်းမဲပေးခြင်း၊ ဆိုလိုသည်မှာ ဝယ်ယူသူများကို ကံစမ်းမဲများ ပေးသည်။ သို့သော် ရွှေထည်၊ ရွှေဈေးများတွင် ပိုယူပြီး ရောင်းသည့် သဘောမျိုးဖြစ်ပါကြောင်း၊ “မည်သူမဆို ကံစမ်းမဲပေးပြီ ဆိုကတည်းက အမြတ်တင်ပြီးမှ ပြန်ပေးရခြင်းဖြစ်ကြောင်း၊ “ထိုသို့ မပြုလုပ်ရ” ဟု ညွှန်ကြားချက်ထဲမှာ အချက် တစ်ချက်ပါဝင်ပါကြောင်း၊ ထိုအချက်ကို ရွှေဆိုင်များကို သတိပေးသည့်အနေဖြင့် အသင်းချုပ် ကနေ ထပ်ဆင့်ညွှန်ကြားချက် ပြန်ထုတ်သည့် သဘောပါ"ဟု FMGEA မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။ လက်ရှိတွင် အဆိုပါအမိန့်စာသည် ဥပဒေတစ်ခုအနေဖြင့် သက်ရောက်ထားသည့်အတွက် အရေးယူမှုများလည်း ရှိလာနိုင်ခြင်းကြောင့် မဖြစ်မနေ လိုက်နာရန် ၎င်းက ဆက်လက်ပြောသည်။ “အဓိကကတော့ မိမိတို့သည် NGO ဖြစ်သည့်အတွက်ကြောင့် အရေးယူ ဆောင်ရွက်သည့်ကိစ္စကို အသင်းချုပ်က ဆောင်ရွက်၍မရပါကြောင်း၊ သို့သော် ဥပဒေတစ်ခု သက်ရောက် ထားသည့်အတွက် မတော်တဆ အရေးယူဆောင်ရွက်မှု ဖြစ်ပေါ်လာပါက ဆိုသည့် အတွေးမျိုးဖြင့် ထပ်ဆင့် ထုတ်ပြန်ပေးခြင်းဖြစ်ပါကြောင်း၊ အရေးယူခြင်း ရှိလာနိုင်သည့်အတွက် ညွှန်ကြားချက် ရှိထားပြီး “မသိလိုက် ပါဘူး” မဖြစ်ရအောင် ပြန်ပြီးညွှန်ကြားခြင်း ဖြစ်ပါကြောင်း၊ တချို့ကျတော့လည်း မိမိအလုပ် မိမိလုပ် နေကြသဖြင့် ညွှန်ကြားချက်ကို လေ့လာကြခြင်း မရှိကြပါကြောင်း” ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် နာမည်ကြီး ရွှေဆိုင်အများအပြားသည် အထက်ပါကံစမ်းမဲပေးသည့်အစီအစဥ်ဖြင့် ရွှေရောင်းဝယ်ခြင်း များကို ဆောင်ရွက်လာကြရာ ရွေဆိုင်ငယ်များအပေါ် သက်ရောက်မှုများရှိနေကြောင်း သိရသည်။

“ရွှေဆိုင်ကြီးများက ကံစမ်းမဲပေးပြီး ကျန်မလုပ်နိုင်သည့် ရွှေဆိုင်ငယ်များ အတွက် ကွာဟမှု ဖြစ်ပါကြောင်း၊ ကံစမ်းမဲပေးခြင်းက ရွှေဆိုင်ကြီးများအနေဖြင့် အရောင်းမြှင့်တင်ရေးပိုင်းအတွက်လည်း ပါမည် ဟု ထင်မြင်မိ ပါကြောင်း၊ သို့သော် တချို့ ရွှေဆိုင်ငယ်များ၊ လိုက်မမှီသည့်ဆိုင်များ၊ ပုံမှန်ရောင်းနေသည့် ဆိုင်များအတွက်တော့ သက်ရောက်မှုရှိပါကြောင်း၊ အခုခေတ်ကလည်း ကြော်ငြာအား၊ မီဒီယာအားဖြင့် သွားနေကြပါကြောင်း၊ ကြော်ငြာ ခြင်းကို လက်သင့်ခံပါကြေင်း၊ ကံစမ်းမဲပေးခြင်းကိုတော့ “ကံစမ်းမဲရောင်းသည်” ဟု ထင်မြင်မိပါကြောင်း၊ ရွှေဝယ်သူများကို ထိခိုက်မှုမရှိပါကြောင်း၊ ရွှေကို ဒီတိုင်းဝယ်ယူတာထက် လက်ဆောင်လေးပေးသည့် အတွက် ဝယ်ယူသူများအနေဖြင့် စိတ်ဝင်စားကြပါကြောင်း၊ ကံစမ်းမဲဖောက်လို့ ရွှေဈေးတက်ခြင်းကတော့ ဆက်နွှယ်မှုမရှိပါကြောင်း၊ ရွှေဆိုင်များအနေဖြင့် အဝယ်များအောင် မက်လုံးပေးမည် ဖြစ်ပါကြောင်း” လှသီတာရတနာရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုးကား- NP News