ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ကာယပညာနှင့်အားကစားနည်းပြ မွမ်းမံသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား တက်ရောက်
နေပြည်တော် ဖေဖော်ဝါရီ ၂၅
ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံ သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးအားကစား လေ့ကျင့်ရေး စခန်း၌ ကျင်းပသည်။
ဖွင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ သင်တန်း နည်းပြများ၊ ဒိုင်လူကြီးများ၊ ပညာရေးဒီဂရီ ကောလိပ် များမှ အားကစားနည်းပြဆရာ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို နှစ်စဉ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်း ခြောက်မျိုးမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်းအတွက် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း၊ ပါဝင်ယှဉ်ပြိုင်ခြင်းမှသည် အနိုင်ရဗိုလ်စွဲရန် လေ့ကျင့် ပေးရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် စံချိန်သစ်များ တင်နိုင်သည်အထိ ကြိုးစားလေ့ကျင့်ပေးရမည် ဖြစ်ကြောင်း၊ ပညာရေးဒီဂရီကောလိပ် ဆရာ ဆရာမများက အားကစား နည်းစနစ် မှန်ကန်စွာဖြင့် လေ့ကျင့်သင်ကြားပေးနိုင်မှသာ အခြေခံပညာတွင် အားကစားထူးချွန်သည့် ဆရာ၊ ဆရာမများ ပေါ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ကိုယ်ကာယကြံ့ခိုင်ပြီး အားကစား ထူးချွန်သည့် နိုင်ငံ့သားကောင်းမျိုးဆက်သစ်များကို ပြုစုပျိုးထောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့် ကာယပညာနှင့် အားကစားနည်းပြမွမ်းမံသင်တန်း (၁/၂၀၂၅) ကို ဖေဖော်ဝါရီ ၂၀ ရက်မှ မတ် ၉ ရက်အထိ လယ်ဝေးအားကစားလေ့ကျင့်ရေးစခန်းတွင် ဒုတိယအကြိမ် မွမ်းမံသင်တန်း ဖွင့်လှစ် လေ့ကျင့် ပေးလျက်ရှိပြီး ပညာရေးဒီဂရီကောလိပ်များမှ အားကစားနည်းပြဆရာ သင်တန်းသား သင်တန်းသူ ၇၅ ဦး တက်ရောက်လျက်ရှိပြီး မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက အားကစားအခြေခံနည်းစနစ်များ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။
ကိုးကား- MOI