ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီတွင်ပါဝင်သည့် ဓာတုဒြပ်ပေါင်းတစ်မျိုးက သွေးအတွင်း သကြားဓာတ်ပါဝင်မှုကို လျှော့ချနိုင်
စတော့ဟုမ်း မတ် ၄
ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီတို့တွင် ပါဝင်သည့် ဓာတုဒြပ်ပေါင်းတစ်မျိုးသည် သွေးအတွင်း သကြားဓာတ်ပါဝင်မှုအဆင့်ကို လျှော့ချပေးနိုင်ကြောင်း သုတေသန ပညာရှင်များ၏ အဆိုကို ကိုးကား၍ မတ် ၃ ရက်သတင်းများအရ သိရသည်။
ဆွီဒင်နိုင်ငံ ဂူတင်ဘာ့ဘ်တက္ကသိုလ်မှ သုတေသနပညာရှင်များသည် သွေးအတွင်း သကြားဓာတ်ပါဝင်မှု ပုံမှန်ထက်မြင့်မားသူများကို Sulforaphane ခေါ် ဓာတုဒြပ်ပေါင်းတစ်မျိုးဖြင့် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။
စမ်းသပ်မှုမှ ပေါ်ထွက်လာသည့် ရလဒ်များအရ Sulforaphane ဓာတုဒြပ်ပေါင်းသည် သွေးအတွင်း သကြားဓာတ်ပါဝင်မှုအဆင့်ကို သိသိသာသာ လျှော့ချနိုင်သည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
Sulforaphane ဓာတုဒြပ်ပေါင်းသည် ဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းစသည့် အသီးအရွက်များ၌ တွေ့ရသော ဓာတုဒြပ်ပေါင်း ဖြစ်သည်။
အဆိုပါ ဓာတုဒြပ်ပေါင်းသည် ဆီးချိုရောဂါ မဖြစ်သေးသော်လည်း သွေးအတွင်း သကြားဓာတ်ပါဝင်မှုအဆင့် မြင့်တက်နေသူများအတွက် ကုထုံးတစ်မျိုးဖြစ်လာနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
Source: ရတနာပုံသတင်းစာ