အမေရိကန်နှင့်လက်နက်ထိန်းချုပ်ရေး ဆွေးနွေးရန် ရုရှားအသင့်ရှိဟုဆို
မော်စကို၊ လက်နက်ထိန်းချုပ်ရေး
လက်နက်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍အမေရိကန်ပြည်ထောင်စုနှင့်ဆွေးနွေးရန် ရုရှားနိုင်ငံက အသင့်ရှိသည်ဟု ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောကြားလိုက်ကြောင်းသိရသည်။
နျူကလီးယားဖျက်သိမ်းရေးနှင့် မဟာဗျူဟာမြောက်တည်ငြိမ်မှုတို့သည် ရုရှားအစိုးရ၏ လုပ်ငန်းစဉ်များအနက် အဓိကကျသည့် ကိစ္စရပ်များဖြစ်ပြီး နျူကလီးယားလက်နက်များအား ထိန်းချုပ်နိုင်ရန်အတွက် ရုရှားနှင့်အမေရိကန်တို့ကြား တွေ့ဆုံဆွေးနွေးရန် လိုအပ်လျက်ရှိသည်ဟု ပက်စကော့က မတ်လ ၇ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခြင်းဖြစ်သည်။
ပက်စကော့၏အဆိုပါပြောကြားချက်သည် ကမ္ဘာ့နျူကလီးယားအင်အားကြီးနိုင်ငံများအနေဖြင့် ၎င်းတို့၏လက်နက်များကို ထိန်းချုပ်ကြရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်းနိုင်ငံများကို တိုက်တွန်းပြောကြားပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ကမ္ဘာပေါ်ရှိ အင်အားကြီးနိုင်ငံများက၎င်းတို့၏နျူကလီးယားလက်နက်များအားစွန့်လွှတ်မည်ဆိုပါက အလွန်ကောင်းမွန်မည်ဖြစ်သည်ဟု ထရမ့်က အိမ်ဖြူတော်၌မတ်လ ၆ ရက်တွင် တိုက်တွန်းပြောကြားခဲ့ကြောင်းသိရသည်။
လက်ရှိတွင် နျူကလီးယားလက်နက်အများစုကို အမေရိကန်နှင့်ရုရှားနိုင်ငံတို့က ပိုင်ဆိုင်ထားပြီး တရုတ်နိုင်ငံက လာမည့်၄ နှစ် သို့မဟုတ် ၅ နှစ်အတွင်း၌ အဆိုပါအင်အားကြီးနှစ်နိုင်ငံအား အမီလိုက်လာနိုင်ကြောင်း ထရမ့်ကဆက်ပြောသည်။
ထို့ပြင် နျူကလီးယားလက်နက်များစွန့်လွှတ်ရေးနှင့်စပ်လျဉ်း၍ အမေရိကန်အစိုးရက ရုရှား၊တရုတ်နိုင်ငံတို့နှင့် ဆွေးနွေးမှုများကို စတင်သွားမည်ဟု ထရမ့်ကပြောကြားခဲ့ကြောင်း သိရသည်။
သို့သော် လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲတွင် ရုရှား၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့သာမက ပြင်သစ်နှင့် ဗြိတိန်ကဲ့သို့သော ဥရောပနျူကလီးယားအင်အားကြီးနိုင်ငံများကပါ ပါဝင်သင့်သည်ဟုပက်စကော့က ထပ်လောင်းပြောကြားထားသည်။
Ref: RT
Source: https://myawady.net.mm/