ဖေဖော်ဝါရီလအတွင်း ကျန်းမာရေးကို ထိခိုက်စေသော လေ အရည်အသွေး အဆင့် ၁၃ ရက် ဖြစ်ပေါ်ခဲ့
ဖေဖော်ဝါရီလအတွင်း ကျန်းမာရေးကိုထိခိုက်စေသော လေအရည်အသွေး အဆင့် ၁၃ ရက်ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးမှ ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။
ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရန်ကုန်(ကမ္ဘာအေး)ရုံး၌ ဂျပန်နိုင်ငံ Asia Center for Air Pollution Research (ACAP) Clean Air Asia တို့၏ ကူညီထောက်ပံ့မှုဖြင့်လေထုအတွင်း (2.5μg) အောက် သေးငယ်သော အမှုန်အမွှားများ ပါဝင်မှုကို တိုင်းတာနိုင်သည့် အလိုအလျောက် PM2.5 Monitor စက် တပ်ဆင်၍ လေအရည်အသွေး PM2.5 စောင့်ကြည့်တိုင်းတာခြင်းလုပ်ငန်းကို ၂၆-၃-၂၀၁၈ ရက်နေ့မှစ၍ ၂၄ နာရီ စောင့်ကြည့်တိုင်းတာလျက် ရှိကြောင်း သိရသည်။
ရန်ကုန် ကမ္ဘာအေးရုံး၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက် နေ့အထိတိုင်းတာရရှိခဲ့သည့် PM2.5 တန်ဖိုးများကို လေအရည်အသွေး အညွှန်းကိန်း Air Quality Index – AQI and Health Concerns သတ်မှတ်ဖော်ပြချက်များနှင့် နှိုင်းယှဉ်ကြည့်ရာတွင် ဖေဖော်ဝါရီလ ၁၁၊ ၂၀၊ ၂၅၊ ၂၆၊ ၂၇ ရက်နေ့နှင့် ၂၈ရက်နေ့တို့ သည် AQI Range 51-100 အတွင်းတွင်ရှိသောကြောင့် အသင့်အတင့်အဆင့် (Moderate) ဖြစ်ကြောင်း သိရသည်။
၁၊ ၅၊ ၆၊ ၉၊ ၁၀၊ ၁၂၊ ၁၃၊ ၁၆ ရက်နေ့ နှင့်၁၉ ရက်နေ့တို့သည် AQI Range 101-150 အတွင်းတွင်ရှိသောကြောင့် ခံနိုင်ရည်နည်းပါးသော အုပ်စုများ အတွက် ကျန်းမာရေးကို ထိခိုက်စေသောအဆင့်နှင့် ကျန်ရက်များသည်Range 151-200 အတွင်းတွင်ရှိသောကြောင့် ကျန်းမာရေးကို ထိခိုက်စေသောအဆင့်ဖြစ်ကြောင်းသိရသည်။
တိုင်းတာရရှိခဲ့သည့် မှတ်တမ်းများအရ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်(ကမ္ဘာအေး)ရုံး၏ လေအရည်အသွေးမှာ ဖေဖော်ဝါရီလအတွင်းတွင် အသင့်အတင့်အဆင့်၌ ၆ ရက်၊ ခံနိုင်ရည် နည်းပါးသော အုပ်စုများအတွက် ကျန်းမာရေးကိုထိခိုက်စေသော အဆင့် ၉ ရက်နှင့် ကျန်းမာရေးကိုထိခိုက်စေသော အဆင့်၌ ၁၃ရက် ရှိနေကြောင်း သုံးသပ်တွေ့ရှိရသည်။
ကိုးကား-NP News