ဘားအံနှင့် မြဝတီအကြား ဂျိုင်း(ကော့ကရိတ်) တံတား စတင်ဖွင့်လှစ်
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဂျိုင်းကျေးရွာအနီး အရှေ့- အနောက် စီးပွားရေးစင်္ကြန် လမ်းမကြီးပေါ်၌ တည်ဆောက်လျက်ရှိသည့် ဂျိုင်း(ကော့ကရိတ်)တံတားကို မတ်လ(၉)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း တံတားဦးစီးဌာနမှ သိရသည်။ “ဒီတံတားသစ်ရှိတဲ့ လမ်းပိုင်းဟာ မြန်မာနိုင်ငံ ရန်ကုန် သီလဝါရေနက်ဆိပ်ကမ်းမှ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့လာအိုနိုင်ငံတို့ကို ဖြတ်သန်းကာ ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းမြို့အထိ ခရီးပေါက်မှာ ဖြစ်ပါတယ်။ အရှေ့-အနောက် စီးပွားရေးစင်္ကြန်လမ်းမကြီးပေါ်မှာရှိတဲ့ ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှုအတွက် အဓိကကျတဲ့ တံတားဖြစ်ပါတယ်” ဟု တံတားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။
ဂျိုင်း(ကော့ကရိတ်) တံတားကို ဂျပန် ယန်း ၆ဒသမ၈ ဘီလီယံ အကုန်ကျခံ၍ တည်ဆောက်ခဲ့ပြီး တံတား အရှည် (၁၉၀၃) ပေ၊ ယာဉ်သွားလမ်း အကျယ် (၇၄) ပေ၊ ယာဉ်တစ်စီးချင်းခံနိုင်ဝန် တန် (၆၀) ရှိကာ လေးလမ်းသွားတံတား၊ သုံးခန်းတွဲ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ကြောင်း သိရသည်။
ဂျိုင်း(ကော့ကရိတ်)တံတားကို ၂၀၁၉ ခုနှစ် မေ ၃ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ် မတ်လ (၉) ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ အလားတူ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အစပ်ရှိ ဂျိုင်းမြစ်ပေါ်တွင် ဖြတ်သန်းတည်ဆောက်သော ဇာသပြင်တံတားသည်လည်း သံမဏိကြိုးဆိုင်း တံတားအဖြစ် ဆက်လက် တည်ဆောက်နေကြောင်းသိရသည်။
ကိုးကား-NP News